နေပြည်တော် စက်တင်ဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။

အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက အမှာစကားပြောကြားကာ ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

mdn

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇေယျာသီရိမြို့နယ် ရွာသစ်ကြီးကျေးရွာ ရွာသစ်ကြီးပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနန္ဒိယ မထေရ်မြတ်အား သွားရောက်ဖူး မြော်ကြည်ညိုပြီး ဝါဆို၊ ဝါကပ်ကြမည့် ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် စည်ပင်ကြီးကျေးရွာတွင် ပေါင်းလောင်းမြစ်နှင့် ဆင်သေချောင်းတို့မှ ရေများမြင့် တက်ခဲ့မှုကြောင့် ကျေးရွာအတွင်း နေအိမ်များနှင့် လယ်ယာမြေများ ရေနစ်မြုပ်ခဲ့မှုအခြေအနေမကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဂန္ဓမာအား ဖူးမြော်ကြည်ညိုပြီး ဝါဆို၊ ဝါကပ်ကြမည့် ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရေဝင်ရောက်မှုကြောင့် ခေတ္တပြောင်းရွှေ့နေထိုင်ကြသည့် စည်ပင်ကြီးကျေးရွာမှ ပြည်သူများအား နေပြည်တော်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လည်းကောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် ဖြစ်ပွားတတ်သည့်ရောဂါများ မဖြစ်ပွားစေရေးအတွက် နေပြည်တော်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာအတွင်း ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ကြိုတင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာအုပ်စု ပင်လောင်းလမ်းဆုံ မီးပွိုင့်အနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေး ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်နေမှုကိုလည်းကောင်း  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်