ရန်ကုန်၊ စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့မွန်းလွဲပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၇) ရပ်ကွက်၊ ရန်ကုန် - ပုသိမ် လမ်းနှင့် ရန်ကုန်-ညောင်တုန်း လမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံတိုးချဲ့တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်၍ ဘုရင့်နောင်ပန်းခြံ တိုးချဲ့မြေနေရာတွင် ကွန်ကရိခင်းကျင်းထားရှိမှု၊ ရန်ကုန် - ပုသိမ်လမ်းနှင့် ဘုရင့်နောင်တိုးချဲ့ပန်းခြံအကြား အုတ်ရေမြောင်း တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တိုးချဲ့ပန်းခြံရှေ့ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ရန်ကုန်မြို့တော်ဝန်သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန် - ပုသိမ်လမ်းရှိ သောင်ကြားချောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု၍ ရန်ကုန် - ပုသိမ်လမ်း ရေမြောင်းတစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေပြီး လှိုင်မြစ်အတွင်းသို့ စီးဝင်စေရေး စက်ယန္တရားများ အသုံးပြု၍ တိုးချဲ့ဖောက်လုပ်ရန် မှာကြားသည်။
ယင်းနောက် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၄) ရပ်ကွက်၊ ဘုရင့်နောင်တံတား အမှတ် (၁) သို့ သွားရောက်၍ ရန်ကုန် - ပုသိမ်လမ်းတောင်ဘက်ခြမ်း ရေစုကန် ရေမြောင်းမှ ညောင်ချောင်းရေတံခါးသို့ စီးဆင်းသည့်ရေမြောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်


