ရန်ကုန် ၊ စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟင်းသီးဟင်းရွက်များ ရာသီအလိုက် ပြတ်လပ်မှုမရှိပဲ အများပြည်သူ စားသုံးနိုင်ရန် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးရာသီ၌ မိုးမြေပဲ၊ ဖူးစားပြောင်းနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ ဧက ၅၀၀၀၀ စိုက်ပျိုးရန်လျာထားပြီး မြို့နယ် ပေါင်း ၁၈ မြို့နယ်၌ ဧက ၁၉၁၉၇ ကျော် စိုက်ပျိုးထုတ်လုပ်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယမန်နှစ်မိုးရာသီတွင် ဧက ၂၀၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး ယခုနှစ် မိုး ရာသီ၌ ဧက ၅၀၀၀၀ လျာထားရာ ၁၉၁၉၇ ဧက စိုက်ပျိုးပြီးဖြစ်၍ ဟင်းသီးဟင်းရွက်သီးနှံ သက်တမ်းအလိုက် လျာထားဧကနှင့်အညီ ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တောင်ပေါ်ဒေသနှင့် ပဲခူးတိုင်းဒေသကြီးမှ ဝင်ရောက်လာသော သီးနှံများ၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ မင်္ဂလာဒုံမြို့နယ်နှင့် အခြားမြို့နယ်တို့မှထွက်ရှိသော ဟင်းသီးဟင်းရွက်များ သီရိမင်္ဂလာဈေးနှင့် တညင်းကုန်းလက္ကားဈေးကြီးသို့ နေ့စဉ်ဖြန့်ဝေပြီး ဝင်ရောက်လျက်ရှိကာ မြို့နယ်အသီးသီးရှိဈေးများသို့ တစ်ဆင့်ပြန်လည် ကုန်စည်စီးဆင်းလျက်ရှိ သည်။
“တိုင်းဒေသကြီးအတွင်း နေ့စဉ်စားသုံးမှုမှာလိုအပ်တဲ့ ဟင်းသီးဟင်းရွက်ကို မနှစ်က မိုးရာသီထက် ဒီနှစ်မိုးရာသီမှာ လျာထားချက်တိုးမြှင့်ပြီး စိုက်ပျိုးနေပါတယ်။ သီးထပ်တိုးချဲ့ စိုက်ပျိုးရေးကဏ္ဍမှာဆိုရင်လည်း စပါးဖြစ်စေ၊ ရာသီလိုက်သီးနှံဖြစ်စေ စားသုံးမှု လိုအပ်ချက်နဲ့အညီ စိုက်ပျိုးထုတ်လုပ်နိုင်အောင် စိုက်ပျိုးတောင်သူတွေ လိုအပ်ချက်ကိုလည်း ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနေပါတယ်။ ယခုနှစ် မိုးရာသီဆိုရင် ဟင်းသီးဟင်းရွက်နဲ့ မိုးမြေပဲ၊ ဖူးစားပြောင်း ဧက ၅၀၀၀၀ လျာထား စိုက်ပျိုးနေတာ ဖြစ်တဲ့အတွက် ဟင်းသီး ဟင်းရွက်စိုက်ခင်း တောင်သူတွေအတွက် လူမှုစီးပွား ဖွံ့ဖြိုးမှုကို အထောက်အပံ့ကောင်းများစွာ ရရှိစေတဲ့အပြင် နေ့စဉ်စားသုံးတဲ့ သီးနှံလိုအပ်ချက်ကိုလည်း ဟန်ချက်ညီညီ ဖြည့်ဆည်းပေးနေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြည်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၁၈ မြို့နယ်တွင် မိုးမြေပဲ ၅၂ ဧက၊ ဖူးစားပြောင်း ၂၀၂ ဧက၊ မုန်ညှင်း၊ ချဉ်ပေါင်၊ ယုဆိုင်၊ ကန်ဇွန်း၊ ဟင်းနုနွယ်၊ ကိုက်လံ၊ ဗူး၊ ရုံးပတီ၊ ဂွေးတောက်၊ ကြက်ဟင်းခါးသီး၊ ပဲလင်းမြွေသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကြောင်လျှာသီး၊ ခဝဲသီး၊ ဗုံလုံသီး၊ နံနံပင်၊ ပူစီနံ၊ ဆလပ်ရွက်၊ ကင်းမွန်းချဉ်နှင့် အခြား ဟင်းသီးဟင်းရွက်မျိုးစုံ ၁၈၉၄၃ ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
မိုးရာသီ ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုကို ဧပြီလကုန်ပိုင်းတွင် စတင်စိုက်ပျိုးလေ့ရှိပြီး စိုက်ပျိုးသီးနှံ သက်တမ်းအလိုက် ရက် ၃၀ မှ ရက် ၉၀ အထိ စိုက်ပျိုးကြလေ့ရှိကာ နိုဝင်ဘာလ ဆောင်းရာသီ ဝင်ရောက်ချိန်၌ ဆောင်းသီးနှံအဖြစ် ဆက်လက် စိုက်ပျိုးသောကြောင့် တိုင်းဒေသကြီးအတွင်း နေ့စဉ်စားသုံးမှုတွင် ပြတ်လပ်မှုမရှိစေရန်နှင့် ဟင်းသီးဟင်းရွက် လိုအပ်မှုမရှိစေရန် ရာသီအလိုက် တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း သိရ သည်။
ဓာတ်ပုံ - ဇွဲမာန်
- သစ္စာ(mna)


