နေပြည်တော် ဩဂုတ် ၃၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ မကျီးချောင်းကျေးရွာသို့သွားရောက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆဌမအကြိမ် လည်ပတ်ရန်ပုံငွေ၊ အတိုးရငွေတို့ဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံပြီး ကျေးရွာသူကျေးရွာသားများ၏ သောက်သုံးရေ သန့်စင်စနစ် တပ်ဆင်ပေးရေးနှင့် ရွာအဝင်လမ်းတံတား တည်ဆောက်ပေးရေး တင်ပြချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထိုမှတဆင့် ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာသို့ သွားရောက်ပြီး စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး စင်တာတွင် ဝါးခယ်မမြို့နယ်အတွင်းရှိ နေကြာစိုက်တောင်သူများ၊ သမဝါယမအသင်းသားများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီးက နေကြာအထွက်တိုးမျိုး စိုက်ပျိုးကြရေး၊ ရုရှားရွက်ဖျန်းသဘာဝ မြေဩဇာကို စနစ်တကျ အသုံးပြုတတ်ရန်အတွက်အသိ ပညာဖြန့်ဝေပေးရေးမှာကြား၍ သမဝါယမအသင်းသား တောင်သူများထံ ရုရှားရွက်ဖျန်း သဘာဝမြေဩဇာများ ပေးအပ်သည်။

 

ထို့နောက် ဝါးခယ်မမြို့နယ်၊ ဝဲရွာကျုံစိန်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း အရှည် (၁၂၈၅) ပေ ကွန်ကရစ်ဘီးလမ်း ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက်  မြောင်းမြမြို့နယ်၊ မဒေါ့ပင်ခေတ်မီစံပြကျေးရွာ (Smart Village)သို့ သွားရောက်၍ ကျေးရွာ ကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီးက ကျေးလက်စီးပွားမြင့် မားရေး (RBF) ရန်ပုံငွေကျပ် သိန်း (၃၀၀)ကိုလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ခေတ်မီစံပြ ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း (၁၇၀) ကိုလည်းကောင်း ထောက်ပံ့ပေးအပ်၍ ကျေးရွာ သူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များတင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ ခေတ်မီစံပြ ကျေးရွာအတွင်း ဆောင်ရွက်ပေးခဲ့သော သောက်သုံးရေရရှိရေးလုပ်ငန်းကို လည်းကောင်း၊ ကျေးရွာစာကြည့်တိုက် တည်ဆောက်မည့်မြေနေရာကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ ကလေးဖွံ့ဖြိုးရေးစင်တာသို့ သွားရောက်ပြီး မူကြိုကလေးငယ်များအား နွားနို့နှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထိုမှတဆင့်  ကန်ကြီးထောင့်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနေသာ ခရောင်းကွင်း-ပုလဲကူး-ပေပင်စာဖြူစု ကျေးရွာချင်းဆက်လမ်း အရှည် (၂) မိုင်အနက် (၄ဒသမ၂) ဖာလုံခွဲကျောက်အမာခံခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာ သူကျေးရွာသား များနှင့်တွေ့ဆုံကာ ဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)