နေပြည်တော် ဩဂုတ် ၃၀

 

စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုဆွေးနွေးပွဲတွင် ပြည်တွင်းစက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များ ချိတ်ဆက်၍ ဆောင်ရွက်နိုင်သည်များ၊ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှရရှိသည့် ဗဟုသုတ၊ အသိပညာများကို ပြန်လည် အသုံးချခြင်းဖြင့် စက်မှုဇုန်ဖော်ဆောင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ဆက်စပ်သည့်လုပ်ငန်းများကို လျင်မြန် ချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြင်ပအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်အတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနသည် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက် နေသည့်အတွက် တာဝန်ရှိသူများအနေဖြင့် စက်မှုဇုန်များတည်ထောင်ခဲ့သည့် ရည်ရွယ်ချက်များကို သိရှိမှသာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် အမှားအနည်းဆုံးဖြင့် ဥပဒေ၊ နည်းဥပဒေပါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စက်မှုဇုန်များကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဖော်ဆောင်ရေး၊ မြို့နေပြည်သူ များအတွက် လိုအပ်သည့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ပေးနိုင်ရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စက်မှုဇုန်ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းခြင်း၊ ကော်မတီများနှင့် စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း ဆိုင်ရာများကိုလည်းကောင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန် ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် တည်ထောင်ခဲ့သည့် စက်မှုဇုန်များအခြေအနေ၊ ပြည်တွင်းစက်မှုဇုန်များနှင့် အထူးစီးပွား ရေးဇုန်များ ချိတ်ဆက်ဆောင်ရွက်ရာတွင် လိုအပ်သည့်အချက်များ၊ အထူးစီးပွားရေးဇုန်များ အတွက် အခြေခံအဆောက်အအုံများ၏ အရေးပါမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူးများက ဒေသ အတွင်းရှိ စက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များ၏ အခြေအနေကိုလည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

 

ယင်းနောက် တတ်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ကျောက်ဖြူအထူးစီးပွား ရေးဇုန် ဒုတိယဥက္ကဋ္ဌက အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)