နေပြည်တော် ဩဂုတ် ၁
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ မျိုးမွေးမြူရေး ပညာရှင်များသည် ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ထားသည့် တောင်သူများ ကိုယ်တိုင်ပါဝင်သော မိဘမျိုး (၂)မျိုးနှင့် အထက် မျိုးကူးစပ်ထားသည့် စပါးသားဆက် လိုင်းများ မွေးမြူရွေးချယ် ခြင်း သုတေသန စမ်းသပ်ကွက်တွင် အထွက်ကောင်း သက်လျင်စပါးမျိုး သားဆက်လိုင်းများ ရွေးချယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကိုကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ်ဒုတိယဝန်ကြီးက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ဆွေစဉ်မျိုး ဆက်လုပ်ကိုင်ခဲ့ကြသည့် တောင်သူဦးကြီးများ၏ အတွေးအမြင် အတွေ့အကြုံများကို ဆွေးနွေး ဖော်ထုတ်ပြီး နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ၊ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ ထည့်သွင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့မှသာ တောင်သူ့လက်တွေ့ဘဝ အခက်အခဲကို ထိရောက်စွာကူညီဖြေရှင်းပေးနိုင်ကြမည်ဖြစ်ပြီး မိမိတို့ မျှော်မှန်းဆောင်ရွက်နေကြသည့် စားရေရိက္ခာဖူလုံမှုနှင့် လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ခြင်းကို အောင်မြင်စွာ ဖော်ဆောင်နိုင်ကြမည်ဖြစ်ကြောင်း။
သို့ဖြစ်၍ ယခုကဲ့သို့ သက်လျင်အထွက်ကောင်း စပါးမျိုးများ မျိုးစပ်ခြင်းဆိုင်ရာ အခြေခံ မျိုးဗီဇပညာရပ်နှင့် သားဆက်လိုင်းရွေးချယ်ခြင်းဆိုင်ရာ နည်းပညာများကို တောင်သူများ လက်တွေ့လော့လာဆောင်ရွက်နိုင်ကြစေရန်၊ စိုက်ပျိုးရေး ပညာရှင်များ သုတေသီများနှင့် နီးနီးကပ်ကပ်တွေ့ဆုံ၍ စပါးမျိုးများ မျိုးစပ်မွေးမြူခြင်းဆိုင်ရာ နည်းပညာများ မျှဝေဖလှယ်နိုင်စေရန် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ တိုင်းဒေသကြီး ပြည်နယ်များတွင်လည်း တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်၍ တောင်သူဦးကြီးများက စိတ်တူဆန္ဒတူ ပူးပေါင်းပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့မှ ပညာရှင်များ၊ ဇေယျာသီရိမြို့နယ်မှ တောင်သူများသည် စပါးသားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသန စမ်းသပ်ကွက်တွင် စိုက်ပျိုးထားသည့် သက်လျင်အထွက်ကောင်း စပါးမျိုးများ ကိုကွင်းဆင်း ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


