နေပြည်တော် ဩဂုတ် ၁
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင် နှင့်ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်းသင်တန်း နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မိမိတို့နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တို ဘာ(၁)ရက်မှ(၁၅)ရက်အထိ ပြည်လုံးကျွတ်အဆင့် ကောက်ယူမည်ဖြစ်ရာ သန်းခေါင်စာရင်း ကောက်ယူရန် ရက်အားဖြင့် (၆၁) ရက်သာလိုတော့ပါကြောင်း၊ သန်းခေါင်စာရင်း ကြိုတင်ပြင် ဆင်ခြင်းလုပ်ငန်းများကို လွန်ခဲ့သည့် (၃) နှစ် မှစတင်၍ စီမံချက်ရေးဆွဲကာ အချိန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ သန်းခေါင်စာရင်းကွင်းဆင်း ကောက်ယူရန် စီမံဆောင်ရွက် သည့်လုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် စာရင်းစစ်၊ စာရင်းကောက်များခန့်ထားခြင်း၊ သန်းခေါင်စာရင်း သင်တန်းအဆင့်ဆင့် အချိန်ကိုက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ခြင်းတို့အပြင် ပြည်သူလူထုပူးပေါင်း ပါဝင်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခု သင်တန်းသားများသည် တိုင်းဒေသကြီး/ ပြည်နယ်များတွင် နည်းပြတာဝန်ထမ်း ဆောင်ကြရမည်ဖြစ်သည့်အတွက် ယခုသင်တန်းမှ လေ့ကျင့်သင်ကြားပေးမှုအပေါ် သေသေချာချာ လေ့လာမှတ်သားပြီး နည်းပြအဖြစ် ပြန်လည်သင်ကြားပို့ချသည့်အခါ မခြွင်းမချန် ထိထိရောက်ရောက် ပြန်လည်အသုံးချ လေ့ကျင့်သင်ကြားပေးကြရန် လိုအပ်ပါကြောင်း၊ ယခု ဗဟိုအဆင့်နည်းပြသင်တန်းကို သင်တန်းကာလ (၁၀) ရက်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးသည်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် နည်းပြသင်တန်း၊ ခရိုင်အဆင့် နည်းပြသင်တန်းနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို သတ်မှတ်အချိန်အတိုင်း အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင် မြို့နယ်သန်းခေါင် စာရင်းကော်မတီ အဆင့်ဆင့်က ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသားများက နယ်မြေဒေသအခြေအနေများကို တစ်ဦးချင်းရှင်းလင်း တင်ပြကြသည်။
ယခုဖွင့်လှစ်သည့် သန်းခေါင်စာရင်းဆိုင်ရာ ဗဟိုအဆင့်နည်းပြသင်တန်းကို လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ဦးစီးဌာနမှူးရုံးများနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များအပါအဝင် အရာထမ်း (၅၅) ဦးဖြင့် သင်တန်းကာလ (၁၀) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုနည်းပြသင်တန်းပြီးဆုံးပါက တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အဆင့် နည်းပြသင်တန်းများနှင့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက် သင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၌ စီမံချက်များအတိုင်း ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


