ပွင့်ဖြူ     ဩဂုတ်    ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်၍ ယာယီ ပိတ်ထားရသည့် စာသင်ကျောင်းများအနက် စာသင်ကျောင်း(၃)ကျောင်းမှာ မြစ်ရေကျဆင်းသွားသဖြင့် ဩဂုတ် ၁ ရက်  ယနေ့ နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။ 

ဧရာဝတီမြစ်ရေကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ်သည့် စာသင်ကျောင်း(၃)ကျောင်းမှာ ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာ(အ.ထ.က)၊ သိမ်ကုန်းကျေးရွာ(အ.မ.က)ကျောင်းနှင့် ကူကြီးကျေးရွာ(အ.မ.က) ကျောင်းတို့ဖြစ်ပြီး ကျောင်းသားကျောင်းသူများ ကျောင်းသင်ခန်းစာ နောက်မကျစေရေးအတွက် တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်များတွင် အစားထိုး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်း(၃၀)အား ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ရေဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ယာယီပိတ်ထားခဲ့ရပြီး ယခုအခါ ဧရာဝတီမြစ်ရေမှာ တစ်ဖြည်းဖြည်း ပြန်လည်ကျဆင်းလာပြီဖြစ်၍ စာသင်ကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားပေးလျက်ရှိကာ ဇူလိုင် ၂၅ ရက်နေ့မှ ယနေ့အထိ စာသင်ကျောင်း (၁၈)ကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဇော်ဝင်းခိုင်ထံက သိရသည်။  
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)