မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်များကို တရုတ်နိုင်ငံမှ အဖမ်းအဆီးများသဖြင့် မန္တလေး ဆန်ဈေးကွက် အရောင်းအဝယ်ကျဆင်းနေ

မန္တလေး ၂ မတ်

 

မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်များကို တရုတ်နိုင်ငံက အဖမ်းအဆီးများသဖြင့် ဈေးကွက်ရိုက်ခတ်မှုအရ မန္တလေးဆန်ဈေးကွက်တွင် အရောင်းအဝယ်ကျဆင်းနေကြောင်း မန္တလေးဆန်ကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။

 

တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုအခြေအနေမှာ ပြည်တွင်းဆန်ဈေးကွက်နှင့် ဆက်စပ်နေပြီး တရုတ်နိုင်ငံက လက်ရှိအဖမ်းအဆီးများသဖြင့် တရုတ်နိုင်ငံသို့တင်ပို့မည့် ဆန်များကို မန္တလေးဆန်ဈေးကွက်တွင် ရောင်းချနေခြင်း၊ ဆန်အရောင်းအဝယ် နည်းပါးနေခြင်းတို့ကြောင့် မန္တလေးဆန် ဈေးကွက်တွင် အရောင်းအဝယ်ကျဆင်းနေကြောင်း သိရသည်။

 

" တရုတ်နိုင်ငံကို အသွားအလာကျပ်တော့ မန္တလေးဈေးကွက်မှာပဲ ရောင်းနေကြတော့ အရောင်းအဝယ်က ပုံမှန်ထက်ကို အေးတယ်။ အချို့ဆန်ဆိုင်တွေဆို တော်တော်လေးအရောင်းပါးတယ်။ မနှစ်က ဒီအချိန် တရုတ်နိုင်ငံကို ဆန်အင်နဲ့အားနဲ့ တင်ပို့ရပါတယ်။ ဒီနှစ်မှာ တင်ပို့ရတာ တော်တော်နည်းပါတယ် " ဟု မန္တလေးမြို့ရှိ ဆန်ကုန်သည် ဦးသိန်းဇော်က ပြောပြသည်။

 

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရမှု ကျဆင်းနေပြီး လာမည့်ဧပြီလတွင် နွေစပါးပေါ်မည်ဖြစ်ရာ ဆန်ဈေးနှုန်းမှာ ဈေးထပ်တက်နိုင် ဖွယ်မရှိကြောင်း သိရသည်။

 

မန္တလေးဆန်ဈေးကွက်တွင် လက်ရှိ ဆန်ဈေးနှုန်းများမှာ ရွှေဘိုဘေးကျား ပေါ်ဆန်း(ပွဲရုံဈေး၊ တစ်တင်းခွဲအိတ်)တစ် အိတ်လျှင် ငွေကျပ် ၄၅၀ဝဝ၊ ၄၈၀ဝဝ၊ ရန်ကုန်ပေါ်ဆန်း တစ်အိတ်လျှင် ငွေကျပ် ၃၈၀ဝဝ၊ ၄၀ဝဝဝ၊ ဧရာမင်းတစ်အိတ်လျှင် ငွေကျပ် ၃၈၀ဝဝ၊ ၃၉၀ဝဝ၊ မဂျမ်းတော (အရှေ့တော) တစ်အိတ်လျှင် ငွေကျပ် ၄၀ဝဝဝ၊ ၄၁၀ဝဝ၊ ရန်ကုန်ရေကျတစ်အိတ် လျှင် ငွေကျပ် ၂၄၅၀ဝ၊ ၂၅၀ဝဝ၊ အညာ သားတစ်အိတ်လျှင် ငွေကျပ် ၂၅၀ဝဝ ၊ ၂၅၅၀ဝ၊ လမ်းသုခ တစ်အိတ်လျှင် ငွေကျပ်၂၂၀ဝဝ၊ ၂၃၀ဝဝ၊ ဆန်ကြမ်းဆလပ် တစ် အိတ်လျှင် ငွေကျပ် ၂၀ဝဝဝ၊ ၂၀၅၀ဝ၊ ကောက်ညှင်း တစ်အိတ်လျှင် ငွေကျပ် ၅၀ဝဝဝ၊ ၅၃၀ဝဝ၊ ဖန်သီးမနော်တစ်အိတ်လျှင် ငွေကျပ် ၂၆၀ဝဝ၊ ၂၆၅၀ဝ တို့ဖြစ်ကြောင်း သိရသည်။ 

 

သူရိန်လင်း