နယ်ဈေးကွက်တွင် မန်ကျည်းသီးအကြောဆွဲ စတင်ကျဆင်း

နေပြည်တော် ၁ မတ်

နယ်မန်ကျည်းသီးဈေးကွက်တွင် ယခင်ရက်များက တစ်ပိဿာ  ၁၁၀ဝ ကျပ်နှုန်းအထိ မြင့်တက်ခဲ့သည့် မန်ကျည်းသီး အကြောဆွဲမှာ ယခု တစ်ပိဿာ ၉၀ဝ   ကျပ်နှုန်းသာရှိသည်ဟု ဘုရင့်နောင် စိန်ပန်းလမ်း ငရုတ်နှင့် မန်ကျည်းပွဲရုံပိုင်ရှင် ဦးလှဟန်ထံမှ သိရသည်။

ရန်ကုန်ဘုရင့်နောင် မန်ကျည်းဈေးကွက်အတွင်း မတ် ၁ ရက်နေ့တွင် ဓါးစင်းမန်ကျည်းအသစ် လက်ကားတစ်ပိဿာ ၁၂၀ဝ ကျပ်၊ ပွင့်ကပ်အသစ် ၁၃၅၀ ကျပ်၊ အသား ၁၈၀ဝ - ၁၉၀ဝ ကျပ်နှုန်းအသီးသီး ဈေးနှုန်းရှိနေသည်ဟု သိရသည်။ ယခင်နှစ်ကာလတူဖြစ်သော ၂၀၁၈ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ဓါးစင်းမန်ကျည်း လက်ကားတစ်ပိဿာ ၁၀၅၀ ကျပ်၊ ပွင့်ကပ် ၁၁၅၀ ကျပ်၊ အသား ၂၁၀ဝ ကျပ်နှုန်း ရှိခဲ့သည်။

၂၀၁၈ ခုနှစ်ဇူလိုင်လ ၃ ရက်တွင် ဓါးစင်း ၆၅၀ ကျပ်၊ ပွင့်ကပ် ၉၀ဝ ကျပ်၊ အသား ၁၂၀ဝ - ၁၅၀ဝ ကျပ်နှုန်းထိ ကျဆင်းခဲ့ပြီး မန်ကျည်းကုန်သည်များ အကျိုးအမြတ်ရရှိမှု အလွန်နည်းကာ အများစုအရှုံးရှိခဲ့ကြောင်း ဘုရင့်နောင် ခရေလမ်း မန်ကျည်းသီးသန့်ပွဲရုံပိုင်ရှင် ဦးမင်းထံမှ သိရသည်။
          
နှစ်စဉ် ပြည်ပသို့ မန်ကျည်းတင်ပို့မှုရှိနေရာ ၂၀၁၉ ဖေဖေါ်ဝါရီလ ၁၀ ရက်မှ ၁၆ ရက်အတွင်း အမေရိကန် ဒေါ်လာ ၄၇၃၈၇၅ တန်ဖိုးရှိ တန်ချိန် ၁၅၀ဝ ဒသမ ၉၉ တန်ကို တင်ပို့ခဲ့ပြီး ပါကစ္စတန်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ရာ ၅၄၈ တန်ရှိသည်ဟု သိရသည်။ လက်ရှိတွင် ပြည်ပဈေးနိမ့်နေသဖြင့် ပြည်တွင်းဈေးကွက်တွင်လည်း မန်ကျည်းဈေးနှုန်း နိမ့်နေဆဲရှိသည်။

 

mdn


             
၂၀၁၇  ခုနှစ်အတွင်းက ပြည်တွင်းဈေးကွက်တွင် မန်ကျည်းဈေးနှုန်း အမြင့်ရခဲ့သည်။ ၂၀၁၇ မတ်လ ၁ ရက်တွင် ဓါးစင်းမန်ကျည်း တစ်ပိဿာ လက်ကားဈေး  ၁၅၀ဝ ကျပ်၊ ပွင့်ကပ် ၁၇၀ဝ ကျပ်၊ အသား ၂၈၀ဝ ကျပ်နှုန်းရှိခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် ပွင့်ကပ်တစ်ပိဿာ ၂၃၅၀ ကျပ်၊ အသား ၃၅၀ဝ ကျပ်နှုန်း အထိဈေးမြင့်ခဲ့သည်။

ရမည်းသင်းဒေသမှ မန်ကျည်းအသစ်များသည် နှစ်စဉ်ဒီဇင်ဘာလကုန်ပိုင်းတွင် ရန်ကုန်ဈေးကွက်သို့ အစောဆုံးဝင်ရောက်တတ်သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ရန်ကုန်ဈေးကွက်သို့ ရောက်ရှိလာသည့် ဓါးစင်းမန်ကျည်း အသစ်များမှာ တစ်ပိဿာလက်ကားဈေး ၂၅၀ဝ ကျပ်နှုန်းရရှိခဲ့ပြီး ၂၀၁၈ ဒီဇင်ဘာလ ကုန်ပိုင်းတွင်မူ ဓါးစင်းမန်ကျည်းအသစ် လက်ကားတစ်ပိဿာ ၁၂၀ဝ ကျပ်နှုန်းဖြင့်သာ ဈေးစဖွင့်ခဲ့သည်။

၂၀၁၉  ခုနှစ်အတွင်း မန်ကျည်းဈေးနှုန်း မြင့်တက်လာရန် မျှော်လင့်ရပြီး ၂၀၁၈ နှစ်ကုန်ပိုင်း ပွင့်ကပ်မန်ကျည်းအသစ် တစ်ပိဿာ ၁၃၀ဝ ကျပ်ဈေးနှုန်း ရှိချိန်က ဈေးနှုန်းနည်းသည်ဟုဆိုကာ နယ်မန်ကျည်းကုန်သည်အချို့မှ ရန်ကုန်သို့ တင်ပို့ရောင်းချခြင်း မရှိသော်လည်း ယင်းမန်ကျည်း အဟောင်းများကို ယခုရက်ပိုင်း မန်ကျည်းအသစ် ထွက်ပေါ်ချိန်တွင် တစ်ပိဿာ ၇၀ဝ ကျပ်ဖြင့် ရောင်းချပေးရန် ရန်ကုန်ဈေးကွက်သို့ တင်ပို့လာသည်ကို ကြုံတွေ့ရကာ ဈေးကွက်အခြေအနေကို ခန့်မှန်းနိုင်မှု အားနည်း၍ နယ်ကုန်သည်အချို့ အရှုံးရှိလာရသည်ဟု ဘုရင့်နောင် မန်ကျည်းပွဲရုံပိုင်ရှင်တစ်ဦးက ပြောပြသည်။

 

mdn

 

ရမည်းသင်း၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ပြည်၊ သဲကုန်း၊ ပုတီးကုန်း စသည့် ဒေသများအပြင် ရှမ်းပြည်နယ် တောင်ကြီး၊ ပင်းတယတို့တွင် မန်ကျည်း အများအပြား ထွက်ရှိသည်ဟု သိရသည်။

ကုန်သည်များက မန်ကျည်းပင်များကို အသီးခူးဆွတ်ရရှိနိုင်မှုအပေါ် မူတည်၍ ဈေးဖြတ်ဝယ်ယူကာ မိုးရာသီမတိုင်မီ အပင်လိုက် ဆွတ်ခူးလေ့ရှိကြသည်။ ဆွတ်ခူးရရှိသည့် မန်ကျည်းတောင့်များကို အကြောဆွဲ၊ ဓါးစင်း၊ ပွင့်ကပ်၊ အသား၊ အစေ့လွတ် အသားများ ပြုလုပ်၍ ရောင်းချလေ့ရှိသည့်အပြင် တစ်ပိဿာထုတ်များလည်း ပြုလုပ်ရောင်းချသည်။ တစ်နှစ်စာ စားသုံးရန် ဝယ်ယူသိမ်းဆည်း တတ်သူများအနေဖြင့် မန်ကျည်းအသားရင့်လာချိန် မတ်လအတွင်း ဝယ်ယူတတ်ကြသည်။

ခင်ဆိုင်

 

mdn