တွံတေး ဇွန် ၂၀

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်း ဖွင့်ပွဲကို ဇွန် ၁၉ ရက်နေ့ နံနက်ပိုင်းက တွံတေးခရိုင်၊ တွံတေးမြို့နယ် ခတ္ထိယရွာသစ်ကျေးရွာ၌ ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် တွံတေးမြို့နယ် ကျေးလက်ဒသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး  ဒေါ်ယဉ်ယဉ်ဌေး က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး သင်တန်းနည်းပြဆရာ ဦးစိုးသန်းနိုင် က သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် သင်တန်း စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက သင်ထောက်ကူ ပစ္စည်းများကို သင်တန်းသား သင်တန်းသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ခတ္ထိယရွာသစ်ကျေးရွာမှ သင်တန်းသူ သင်တန်းသား (၂၀)ဦး တက်ရောက်ပြီး ကွန်ပျူတာဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို ကျွမ်းကျင်နည်းပြဆရာများက စာတွေ့၊ လက်တွေ့ဖြင့် တစ်လကြာ (အခမဲ့)သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်(ကျေး/လက်)