Daewoo Bus Standard အရည်အသွေးမီ ဘတ်စ်ကား(၂)မျိုး မြန်မာပြည်တွင် တပ်ဆင်ထုတ်လုပ်၍ ပြည်ပသို့လည်း တင်ပို့မည်

ရန်ကုန် ၂၈ ဖေဖော်ဝါရီ

Daewoo Bus Myanmar Co.Ltd.,မှ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများပိုမိုတိုးတက်စေရန် Daewoo Bus Standard အရည်အသွေးမီ ဘတ်စ်ကားများကို မြန်မာပြည်တွင်တပ်ဆင်ထုတ်လုပ်၍ ပြည်ပသို့လည်း တင်ပို့ရန် မကြာမီစက်ရုံတည်ဆောက်မည်ဖြစ်ကြောင်း ယနေ့ မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ UMFCCI တွင် ကျင်းပသော မီဒီယာများနှင့်တွေ့ဆုံသည့် အခမ်းအနားမှ သိရသည်။

ကိုရီးယားနိုင်ငံတွင် (၆၂)နှစ်ကြာ ဘတ်စ်ကားထုတ်လုပ်ခဲ့သော Zyle Daewoo အနေဖြင့် နှစ်စဉ်ကားအစီးရေ(၁၅၀ဝ၀)ကျော် ထုတ်လုပ်လျက်ရှိပြီး Korea၊ China၊ Costa R ica၊ Vietnam၊Kazakhstan၊ Pakistan၊Taiwan စသည့်(၇)နိုင်ငံတွင် SKD စနစ်ဖြင့် ထုတ်လုပ်လျက်ရှိပြီး (၈)နိုင်ငံမြောက် အဖြစ်မြန်မာနိုင်ငံ၌ စက်ရုံတည်ဆောက်ကာ BS106 နှင့် Lestar အမျိုးအစား ယာဉ်(၂)မျိုးကို တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်သည်။

Lestar minibus နှင့် City Bus BS 106 ယာဉ်(၂)မျိုးကိုသာ တစ်နှစ်လျင်အစီးရေ(၅၀ဝ) ကို လက်ရှိ ကိုရီးယားနိုင်ငံတွင် ထုတ်လုပ်နေသည့်ပုံစံ၊ အရည်အသွေးအတိုင်း ထုတ်လုပ်သွားမည်ဖြစ်ပြီး ပြည်ပသို့ပို့ကုန်အဖြစ် တင်ပို့သွားမည်ဖြစ်ရာ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရရှိစေမည့်အပြင် ပြည်တွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေမည်ဖြစ်သည်။

“မတ်လအကုန်မှာစပြီး ယာဉ်(၂)ကို ထုတ်လုပ်မှာပါ။ တစ်နှစ်ကို အစီး(၅၀ဝ) ထုတ်လုပ်မယ်။ အရည်အသွေးမီတဲ့ပြည်တွင်းက ပစ္စည်းတွေကိုလည်း အသုံးပြုပြီး ကျန်တာကို နိုင်ငံခြားက မှာယူမှာပါ။ အကျိုးခံစားခွင့်မှာ Daewoo က(၂၅) ရာခိုင်နှုန်းနဲ့ ကျွန်တော်တို့က (၇၅) ရာခိုင်နှုန်း ပါဝင်ပါတယ်။ ရင်းနှီးမြုပ်နှံမှုက (၇)မီလီယံကနေ (၁၀)မီလီယံထိ ရှိပါတယ်" ဟု Daewoo Bus Myanmar Co.Ltd ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဒေါက်တာကျော်ကျော်အောင်က ပြောသည်။

 

mdn

 

Daewoo Bus သည် ကမ္ဘာ့ဘတ်စ်ကား ဈေးကွက်တွင် အနှစ်(၂၀)ကျော်ကြာ ရပ်တည်ခဲ့ပြီး အာရှ၊ အရှေ့အလယ်ပိုင်းနှင့် လက်တင်အမေရိကနိုင်ငံသို့တိုင် ထုတ်ကုန်အဖြစ် တင်ပို့ခဲရာ နည်းပညာနှင့် အရည်အသွေး ကောင်းမွန်မှုကြောင့် ပြည်ပဈေးကွက်တွင် နာမည်ရလျက်ရှိသောယာဉ်များ ဖြစ်သည်။

မြန်မာနိုင်ငံတွင် Daewoo Bus Myanmar Co.Ltd အား(၂၀၁၇)ခုနှစ်၊ မတ်လတွင် စတင်တည်ထောင်ခဲ့ပြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရှိ (၁၄)ဧက ကျယ်ဝန်းသော မြေနေရာ၌ နှစ်ရှည်ငှားရမ်း၍ စက်ရုံသစ်ကို တည်ဆောက်လျက်ရှိကာ (၂၀၁၉)ခုနှစ်၊ မတ်လတွင် စက်ရုံကို စတင်ဖွင့်လှစ်လျက် Daewoo Bus များကို SKD စနစ်ဖြင့်တပ်ဆင်ထုတ်လုပ်  သွားမည်ဖြစ်သည်။ တစ်နှစ်လျင် ယာဉ်အစီးရေ (၅၀ဝ)ခန့် ထုတ်လုပ်ရာ၌ Service Centre များကို ရန်ကုန်မြို့တွင် ထောက်ကြန့်၊ မန္တလေးနှင့် နေပြည်တော်တို့၌ တည်ဆောက်ဖွင့်လှစ်သွားမည်ဖြစ်သည်။

သန်းထိုက်

 

mdn