မြို့ကြီးရေလှောင်တမံမှနွေစပါးနှင့် နွေသီနှံစိုက်ဧက ၄၈၇၂၅ ဧကအတွက် စိုက်ပျိုးရေများကို သီးနှံများအောင်မြင်သည်အထိ စတင်ပေးဝေ

ကျောက်ဆည် ၂၇  ဖေဖော်ဝါရီ


ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်အတွင်းရှိ မြို့ကြီးရေလှောင်တမံကြီးမှ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ် အတွင်းရှိ နွေစပါးနှင့် နွေသီးနှံစိုက်ဧက (၄၈၇၂၅)ဧကအတွက် စိုက်ပျိုးရေများက ယနေ့မှစတင်၍ စိုက်ပျိုးသီးနှံများ အပြည့်အဝ အောင်မြင်ဖြစ်ထွန်းသည်အထိ ရေပေးဝေမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ဆည်မြောင်နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ စုံစမ်းသိရသည်။


စိုက်ပျိုးရေများကို အဆိုပါရေလှောင်တမံကြီး၏ရေသောက်စနစ်ဖြစ်သော ဇော်ဂျီမြစ်ပေါ်ရှိ ငပြောင်ဆည်မှ ခွဲထွက်သွားသော နွားတက်မြောင်း၊ ကွမ်းဆေးမြောင်း၊ ငပြောင်ရေပေးဝေရေးမြောင်းများဖြင့်လည်းကောင်း၊ သင်းတွဲဆည်မှ ခွဲထွက်သွားသော သင်းတွဲမြောင်းဖြင့်လည်းကောင်း၊ မင်းရဲဆည်မှခွဲထွက်သွားသောမင်းရဲမြောင်းနှင့် တမုတ်မြောင်းများဖြင့်လည်းကောင်း၊ ဇီးတောဆည်မှခွဲထွက်သွားသောဇီးတောမြောင်း၊ ပလိပ်မြောင်းနှင့်မြောင်းဆုံ မြောင်းများဖြင့် စိုက်ပျိုးရေများကို (၇)ရက်တစ်ကြိမ်၊ ရေပတ်အုပ်စု(၂)အုပ်စုခွဲကာ အလှည့်ပေးဝေသွားမည် ဖြစ် ကြောင်း ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင် ပြောကြားမှုအရ သိရသည်။ 

 
(သက်မောင်၊ ခရိုင် ပြန်/ဆက်)