ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်) နှင့် အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ ၂၀
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ရှိ အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်) သို့ ရောက်ရှိရာစက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များ၊ စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှု၊ လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရှိ ဝါကြိတ်စက်များကို ပြုပြင်၍ ကြိတ်ခွဲခြင်းနှင့် ချည်ထုတ်လုပ်သည့် စက်ရုံများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ကြောင်း၊ စက်ရုံအနေဖြင့် ဝင်ငွေတိုးတက်ရရှိရေးအတွက် ထုတ်လုပ်ထားရှိသည့် ကုန်ချော လက်ကျန်များ ကုန်စင်အောင်ရောင်းချရန်၊ စက်ရုံမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများအား MSME လုပ်ငန်းရှင်များ သိရှိအောင်ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံရှိ အလိုအလျောက် ထိန်းချုပ်မောင်းနှင်သည့် စက်များကို ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်နိုင်ရေးဆောင်ရွက်ရန်၊ စက်ရုံရှိ တပ်ဆင်ထားသည့်စက်များ စွမ်းအားပြည့် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံအတွင်းနှင့် ကုန်ကြမ်း၊ ကုန်ချောဂိုဒေါင်တို့တွင် မီးငြိမ်းသတ်ရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံအောင်ထားရှိရန်တို့ကို မှာကြားပြီး စက်ရုံအတွင်း၌ စက်ပစ္စည်းများတပ်ဆင်ထားရှိမှု၊ ချည်ထုတ်လုပ်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ဝါကြိတ်စက်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းမြို့ရှိ အမှတ် (၈) အထည် စက်ရုံခွဲ (ရမည်းသင်း) သို့ရောက်ရှိပြီး ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများကို စီမံချက်များ ရေးဆွဲဆောင်ရွက်ရန်၊ ဝန်ကြီးဌာနများမှ အမှာစာဖြင့် မှာယူထားသည့် ထုတ်ကုန် ပစ္စည်းများကို အချိန်မီပေးပို့နိုင်ရေး အလေးထားဆောင်ရွက်ရန်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများကို ကြိုတင်စဉ်းစား၍ အစီအမံများရေးဆွဲထားရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်နှင့် ကုန်ချောများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများကို ကြိုတင်ဝယ်ယူ ဖြည့်ဆည်းထားရန်နှင့် စက်ရုံတွင် တပ်ဆင်ထားရှိသော စက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုပြင်နိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်ပေးရန်တို့ကို မှာကြားကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

mdn