နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် လပွတ္တာနှင့် မြောင်းမြခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက လပွတ္တာခရိုင်နှင့် မြောင်းမြခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် မရဲ့အုန်းပင်စု ကျေးရွာရှိ တောင်သူဦးတင်အောင်သန်း၏ စိုက်ဧက လေးဧကတွင် စိုက်ပျိုးထားသည့် ပိုက်ဆံလျှော်မျိုးစေ့ ထုတ်စိုက်ခင်းနှင့် မရဲ့အုန်းပင်စုကျေးရွာ စက်မှုလယ်ယာစနစ်ကျ စံပြလယ်ယာမြေ ဧက ၁၀၀ တွင် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာအချိုးကျ ရောစပ်ကြဲပက်နေမှုများကို ကြည့်ရှုအားပေး၍ တောင်သူများထံသို့ မြေဩဇာများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီးပွားချောင်ကျေးရွာရှိ တောင်သူဦးတင်အောင်သန်း၏ စိုက်ဧက ၂၅၀ တွင် နယူးဧရာ (၁) စပ်မျိုးစပါး နွေစပါးစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက အထွက်တိုးမျိုးကောင်းများ သုံးစွဲမှု၊ စပါးခွံမြေဆွေး သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျသုံးစွဲမှု၊ စိုက်ပျိုးရေ စနစ်တကျပေးနိုင်မှု၊ စိုက်နည်းစနစ်များ စနစ်တကျ အသုံးပြုစိုက်ပျိုးမှု၊ စပါးပင်ပွားရရှိမှု၊ တစ်နှံပါ အောင်စေ့ပါဝင်မှု အခြေအနေများ ရှင်းလင်းတင်ပြ ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားပေး စကားများ ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံ ကောင်းမွန်သည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် သီးနှံများ ပန်းတိုင်အထွက် နှုန်းရရှိရန်အတွက်၊ မြေဆီလွှာများ ပြန်လည်ကောင်းမွန်ရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံ လျှော်) ထည့်သွင်းစိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဓာတုမြေဩဇာသုံးစွဲခြင်းများကို လျှော့ချ၍ သဘာဝမြေဩဇာများ သုံးစွဲရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် နွေစပါးစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကပျမ်းမျှ အထွက်နှုန်း ၂၄၂ တင်းထွက်ရှိမှုကို ကြည့်ရှုအားပေးပြီး နွေစပါးပန်းတိုင်အထွက်နှုန်း ကျော်လွန်အောင် စိုက်ပျိုးနိုင်သည့် တောင်သူဦးတင်အောင်သန်းအား ချီးကျူးဂုဏ်ပြုစကားများ ပြောကြားကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ် ဝဲဒေါင့်ကျေးရွာရှိ တောင်သူဦးမြင့်ဇော်၏ ဆီထွက်သီးနှံနေကြာ super sun-41 ငါးဧက စိုက်ပျိုးထားရှိမှုနှင့် ဝါးခယ်မ မြို့နယ်ကလကျေးရွာရှိ တောင်သူဦးအေးဟန်၏ ဆင်းရွှေကြာ-၂ ငါးဧက နေကြာစိုက်ခင်းအား ကြည့်ရှုအားပေးပြီး ကလကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ် မဒေါ့ပင်ကျေးရွာအုပ်စုရှိ တောင်သူဦးထွန်းနိုင်ဝင်း၏ စိုက်ဧကငါးဧက၌ စိုက်ပျိုးထားသည့် ဧရာတိုးမျိုးစပါး နွေစပါးစီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းတွင် မြေဩဇာကြဲပက်မှု၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင် ဆောင်ရွက်နေမှုနှင့် အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်ထားရှိမှုတို့ကို ကြည့်ရှုအားပေးပြီး သဘာဝမြေဩဇာ နှင့် ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲစေရေး၊ စိုက်ပျိုးရေများ စနစ်တကျသုံးစွဲစေရေးနှင့် ပိုမိုအောင်မြင် အောင် ဆောင်ရွက်စေရေး မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာတွင် (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား (ဒုတိယနေ့) အဖြစ် အဓိကသီးနှံ ၁၀ မျိုး ပန်းတိုင်အထွက်နှုန်းရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ခရိုင်အဆင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဆောင်ရွက်ရမည့် သီးနှံအလိုက် လုပ်ငန်းစဉ်များ အသေးစိတ်ဆွေးနွေးခြင်း၊ မွေးမြူရေးတောင်သူ စားပွဲဝိုင်း၊ ငါးမွေးမြူရေး တောင်သူစားပွဲဝိုင်းတို့ဖြင့် ဆွေးနွေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရန်နှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးစေရန် ရလဒ်ကောင်းများ ပေါ်ထွက်လာစေရေး အကြေ အလည် ဆွေးနွေးပေးကြရန် မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ် ကွင်းယားအရှေ့ ကျေးရွာ တောင်သူဦးစန်းဦး၏ လယ်မြေ နှစ်ဧကတွင် Strip Cropping (နေကြာ super sun-41၊ အစေ့ထုတ်ပြောင်း၊ ဘိုကိတ်ပဲ) တစ်ဧက စိုက်ပျိုးထားရှိမှုနှင့် နေကြာ super sun-41 တစ်ဧက စိုက်ပျိုးထားရှိမှု၊ ပုသိမ်မြို့နယ် မရမ်းချောင်းကျေးရွာရှိ တောင်သူ ဦးမြင့်သိန်း၏ စိုက်ဧက ၁၀ ဧကတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံနေကြာ Super Sun-41 ရှစ်ဧက၊ ဆင်းရွှေကြာ-၁ နှစ်ဧက ဖြစ်ထွန်းအောင်မြင် နေမှုများကို ကြည့်ရှုအားပေးသည်။

သတင်းစဉ်