သာယာဝတီထောင်၌ ရာဇဝတ်အကျဉ်းသားက နိုင်ကျဉ်းလူငယ်တချို့ကို လိင်တူချင်း အဓမ္မပြုရန် ကြိုးပမ်းဟု မဟုတ်မမှန် လုပ်ကြံရေးသား

နေပြည်တော် ဖေဖော်ဝါရီ ၂၆

သာယာဝတီထောင်၌ ရာဇဝတ်အကျဉ်းသားက နိုင်ကျဉ်းလူငယ်တချို့ကို လိင်တူချင်း အဓမ္မပြုရန် ကြိုးပမ်းဟူသော ခေါင်းစဉ်ဖြင့်  DVB TV News အမည်ခံ Facebook Page က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြည်သူလူထုမှ အထင်အဖြစ်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

DVB TV News အမည်ခံ Facebook Page က မဟုတ်မမှန် လုပ်ကြံရေးသားရာတွင် သာယာဝတီအကျဉ်းထောင်တွင် သေဒဏ်အကျဉ်းသားများအား အခန်းလူကြီးအဖြစ် အကျဉ်းသား အချင်းချင်း ထိန်းကျောင်းရန် တာဝန်ပေးကြောင်း၊ သေဒဏ်ချမှတ်ခံရပြီး ဓားပြမှုနှင့် အိုးဘိုထောင်က ပြောင်းလာသူ ပြူးကြီးဆိုသူက LGBT ဘက်ကို တိမ်းညွတ်သူ နိုင်ငံရေး အကျဉ်းသား လူငယ်တစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားရန် အားထုတ်ခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသား လူငယ်က လက်မခံသည့်အတွက် ကျောက်ခဲအိတ်ဖြင့် ထုရိုက်မှုကြောင့် ခေါင်းကွဲပြီး ၉ ချက်အထိ ချုပ်လိုက်ရကြောင်း ဖော်ပြထားသည်။

ဖြစ်စဉ်အား စိစစ်ရာတွင် သာယာဝတီအကျဉ်းထောင်၌ သေဒဏ်အကျဉ်းသားများအား အကျဉ်းထောင်နည်းဥပဒေ အပိုဒ် ၄၁၇ အရ မည်သည့်အကျဉ်းသားများနှင့်မှ မရောဘဲ သီးခြား တိုက်တွင်သာ ထားရှိကြောင်း၊ သေဒဏ်ချမှတ်ခံရသူများအား အခန်းလူကြီးအဖြစ် အကျဉ်းသား အချင်းချင်း ထိန်းကျောင်းရန် တာဝန်ပေးထားသည်ဆိုသည်မှာ မဟုတ်ကြောင်း သာယာဝတီ ထောင်မှ တာဝန်ရှိသူတစ်ဦးက  ပြောကြားသည်။

ဖြစ်စဉ်အမှန်မှာ ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် သီးသန့်တိုက်ရှိ မင်းနိုင်ဝင်း (ခ) ပြူးကြီးသည် အတူနေသူနှစ်ဦးအား “ညီလေးတို့ အဆင်ပြေကြလား ဟု မေးကြောင်း၊ ပြည့်စုံအောင် က “အဆင်ပြေသည် ဟု ပြန်ပြောကြောင်း၊ ရဲရင့်ကိုက “အစ်ကို အဆင်မပြေတာရှိရင် ပွင့်ပွင့် လင်းလင်းပြောပါဟု ပြန်ပြောကြောင်း၊ မင်းနိုင်ဝင်း(ခ)ပြူးကြီးက “အဲဒါဆိုလဲ ပြောတာပေါ့ ဟု ဆိုကာ ပုံစံပုဆိုးထဲ၌ အုတ်ခဲအပိုင်းအစများ ထည့်ထားသော အထုတ်ငယ်ဖြင့် ရဲရင့်ကိုအား လွှဲ၍ ရိုက်နှက်ကြောင်း၊ ရဲရင့်ကိုအရိုက်ခံရသဖြင့် အတူနေအကျဉ်းသား ပြည့်စုံအောင်က ဝင်ရောက်ဖြန်ဖြေခဲ့ရာ ဘယ်ဘက်ပုခုံးကို တစ်ချက်ရိုက်မိခဲ့ကြောင်း၊ ရဲရင့်ကိုသည် ဘယ်ဘက် နဖူးတစ်ချက်ရိုက်မိရာ တာဝန်ကျ ဝန်ထမ်းများ ရောက်ရှိလာမှ ရန်ပွဲပြီးဆုံးခဲ့ကြောင်း အကျဉ်းထောင် တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

အကျဉ်းသား မင်းနိုင်ဝင်း(ခ) ပြူးကြီးသည် မန္တလေးဗဟိုအကျဉ်းထောင်မှ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြစ်မှုမကြာခဏ ကျူးလွန်တက်သဖြင့် တိုက်ခန်း၌ သီးသန့်ထားရှိသူဖြစ်သည့်အပြင် အခန်း လူကြီး/စည်းကမ်း ထိန်းအကျဉ်းသားအဖြစ် ခန့်ထားသူမဟုတ်ကြောင်း၊ ယင်းတို့ကို ထားရှိရာ တိုက်ခန်း၌ အကျဉ်းသား ၃ ဦး ထားရှိသဖြင့် လိင်တူချင်း အဓ္ဓမပြုကျင့်ရန် ဆောင်ရွက်၍ မရကြောင်း၊ တိုက်ခန်းအတွင်းရှိ အကျဉ်းသားများနှင့် ကပ်လျက်အခန်းမှ အကျဉ်းသားများ၏ ထွက်ဆိုချက်များအရ အကျဉ်းသား မင်းနိုင်ဝင်း (ခ) ပြူးကြီးသည် ညဘက်၌ အသံကျယ်လောင်စွာ ဘုရားရှိခိုးသည့်အပြင် အိပ်စက်သည့် အခါတွင်လည်း ဟောက်တတ်သဖြင့် အကျဉ်းသား ရဲရင့်ကိုနှင့် မကြာခဏ စကားများလေ့ရှိကြောင်း၊ အကျဉ်းသား မင်းနိုင်ဝင်း (ခ) ပြူးကြီး ညဘက်အိပ်၍ ဟောက်သည့်အချိန်တွင် အကျဉ်းသား ရဲရင့်ကိုမှ အိပ်မရသဖြင့် လက်တို့ပြီး မကြာခဏနိုးသည်ကို ရန်ငြိုးထားကာ ရန်ဖြစ်ခြင်းဖြစ်ကြောင်း၊ ပြစ်မှု ကျူးလွန်သူ အကျဉ်းသား မင်းနိုင်ဝင်း (ခ) ပြူးကြီးအား အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၅၊ အပိုဒ်ခွဲ ၂ အရ တိုက်ပိတ်ပြစ်ဒဏ် ၁၄ ရက် ချမှတ်ခဲ့ကြောင်း၊ နောင်တွင် ဆက်လက်မဖြစ်ပွားစေရေးအတွက် အတူနေ အကျဉ်းသား ၂ ဦးအား အခြားတိုက်ဝန်းသို့ ပြောင်းရွှေ့ပေးပြီးဖြစ်ကြောင်း၊ ထပ်မံမဖြစ်ပွားစေရန်အတွက် အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း အကျဉ်းထောင် တာဝန်ရှိသူ၏ ပြောကြားချက်အရသိရှိရသည့် အတွက် DVB TV News အမည်ခံ Facebook Page တွင် ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင် လွဲမှားစေရန်နှင့်  ထင်ယောင်ထင်မှား ဖြစ်စေရန် အဖျက်အမှောက် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် လုပ်ကြံရေးသား ထားခြင်းဖြစ်ကြောင်း  သိရသည်။

သောင်းမြင့်