မြန်မာ့ထွက်ကုန်သီးနှံ ပဲကြီးနှင့် ပဲယင်းများ တရုတ်ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်တွင် ရုတ်တရက် ဈေးခုန်တက်

မန္တလေး ၂၄ ဖေဖော်ဝါရီ 

 

မြန်မာ့ထွက်ကုန်သီးနှံ ပဲကြီးနှင့်ပဲယဥ်းများမှာ တရုတ်နိုင်ငံ၏ ဝယ်လိုအားအပြင် ပြည်တွင်းလှောင်သူများမှ အပြိုင်ဝယ်ယူမှုများကြောင့် မန္တလေးဈေးကွက်တွင် ရုတ်တရက် ဈေးခုန်တက်လာကြောင်း မန္တလေးပဲမျိုးစုံဈေးကွက်မှ သိရသည်။

 

အဆိုပါပဲများအနက် ပဲကြီးမှာ ပေါ်ဦးပေါ်ဖျားကာလ ဖေဖော်ဝါရီ ပထမပတ်က သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၈၀ဝ၀ဝ နှုန်းရှိခဲ့ရာမှ ယခုလှိုင်လှိုင်ပေါ်ချိန် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ငွေကျပ် ၉၃၀ဝ၀ နှုန်းအထိလည်းကောင်း၊ ပဲယဥ်းမှာ ငွေကျပ် ၆၂၀ဝ၀ နှုန်းရှိခဲ့ရာမှ ငွေကျပ် ၇၅၀ဝ၀ အထိလည်းကောင်း မြင့်တက်လာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

“ပဲကြီးက ပြည်တွင်းမှာ အဓိကစားသုံးကြတဲ့ သီးနှံဖြစ်တဲ့အပြင် ပြည်ပကိုလည်း တင်ပို့နေရတယ်။ ပဲယဥ်းကိုတော့ ပြည်တွင်းမှာ စားသုံးမှုနည်းပြီး ပြည်ပမှာတော့ မုန့်လုပ်ငန်းတွေမှာ အသုံးပြုတယ်။ တရုတ်နိုင်ငံက ပဲကြီးကို ဟိုးအရင်နှစ်တွေက ဝယ်ယူလေ့မရှိပေမယ့် နောက်ပိုင်းအကြိုက်တွေ့လာပြီး ၂၀၁၃ ခုနှစ်ကတည်းက ဝယ်ယူလာတယ်။ လက်ရှိပဲဈေးကွက်မှာတော့ တရုတ်နိုင်ငံဝယ်လိုအားကြောင့် ဈေးကတစ်သောင်းကျော်လောက်အထိ ခုန်တက်နေတယ်”ဟု ၎င်းက ပြောသည်။

 

လက်ရှိတွင် မြန်မာ့ထွက်ကုန်ပဲကြီးနှင့် ပဲယဥ်းကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေရပြီး အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့မှုများရှိကာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစ၍ ပဲကြီးကို အသင့်စားပဲလှော်အဖြစ် ထုတ်လုပ်ပြီး ကုန်ချောအဖြစ် စင်ကာပူနိုင်ငံသို့ တင်ပို့မှုများရှိကြောင်း သိရသည်။

 

“လက်ရှိမှာ ပဲကြီးကို စိုက်ပျိုးရေးဦးစီးဌာနက တောင်သူတွေအတွက် ပဲကြီးအထူးစံပြစိုက်ကွင်းတွေ လုပ်ပေးနေတယ်လို့ သိရတဲ့အတွက် ဝမ်းသာစရာပါ။ ပဲကြီးရော ပဲယဥ်းရော နိုင်ငံခြား ဝင်ငွေရှာပေးနေတဲ့ သီးနှံတွေဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ ဒီထက် တွင်တွင်ကျယ်ကျယ် စိုက်ပျိုးသင့်တယ်” ဟု ၎င်းက ဆက်လက်အကြုံပြုပြောဆိုသည်။

 

ပဲကြီးနှင့် ပဲယဥ်းကို ဆောင်းသီးနှံအဖြစ် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြပြီး နှစ်စဉ် ဇန်နဝါရီလမှ စတင်ထွက်ရှိကြောင်းနှင့် လက်ရှိမန္တလေးဈေးကွက်တွင် ပြည်ပဝယ်လိုအားအပြင် လှောင်သမားတို့၏ ဝယ်ယူသိုလှောင်မှုတို့ကြောင့် အရောင်းအဝယ်သွက်လက်နေကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

2778573