နေပြည်တော် ဇန်နဝါရီ ၃၁

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခမ်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က ယခုသင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များအနေဖြင့် ဥပဒေပညာလေ့လာပြီး ဥပဒေဒီပလိုမာဘွဲ့ သို့မဟုတ် ဥပဒေရေးရာကျွမ်းကျင်ကြောင်း အသိအမှတ်ပြုလက်မှတ် တစ်ခုခုရရှိရေးအတွက် ဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက စီးပွားရေးရာကော်မတီအစည်းအဝေး (၃/၂၀၂၂) ၌ လမ်းညွှန်မှုအရ ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း။
 
ယခုသင်တန်းတွင် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအနေဖြင့် သိသင့်သိထိုက်သည့် ဥပဒေ ရေးရာကိစ္စရပ်များဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေရေးဆွဲခြင်း၊ စီးပွားရေးစာချုပ်စာတမ်း များစိစစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေများလက်တွေ့အသုံးချမှု၊ ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများလက်တွေ့အသုံးချမှု၊ တရားမဆိုင်ရာကိစ္စများ၊  အထွေထွေဥပ ဒေအကြံ ပေးရေးဆိုင်ရာကိစ္စများကို ဥပဒေရေးရာနယ်ပယ်တွင် အတွေ့အကြုံများစွာရှိသူများ ဖြစ်သည့် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီး နှင့်ဒုတိယ ရှေ့နေချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်၊ ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေး အဖွဲ့မှဘာသာရပ်ဆိုင်ရာကျွမ်း ကျင်သည့်ပုဂ္ဂိုလ်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေ သကြီးနှင့် ရခိုင်ပြည်နယ်တို့မှဥပဒေချုပ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အငြိမ်းစားယူပြီးသည့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင် ပညာရှင်ကြီးများ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းပြီးမြောက်အောင် တက်ရောက်သည့် သင်တန်းသားများကိုလည်း ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းဆင်း လက်မှတ် (Certificate of Legal Advocacy-CLA)များ ပေးအပ်ချီးမြှင့် မည်ဖြစ်ပါကြောင်း။

သင်တန်းတွင် ဝန်ကြီးဌာနများ၊  ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်တို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ တပ်ဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ကျွမ်းကျင်သူအဖြစ် ဆောင်ရွက်နေသူများစသည့် သင်တန်းသား သင်တန်းသူ စုစုပေါင်း (၂၆) ဦး တက်ရောက်ကြကြောင်း။

 ယခုသင်တန်းကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှ ဧပြီ ၁၁ ရက်အထိ အပတ်စဉ် အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသာပတေးနေ့များတွင် နံနက် ၈ နာရီမှ ၁၀ နာရီ ခွဲအထိ ရက်သတ္တ ပတ် (၁၁) ပတ်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်  ဤသင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေဘာသာရပ်များကို မိမိတို့၏လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံး ဆောင်ရွက်နိုင်စေရန်အတွက် လေ့လာမှတ်သားသင်ယူပြီး မိမိတို့၏ဝန်ကြီးဌာနအကျိုး၊ နိုင်ငံတော်အကျိုးအတွက် ကောင်းစွာဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ တိုင်းရင်း သားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယ ဝန်ကြီးနှင့်ဒုတိယ ရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊  စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဘိုဘိုကျော်၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊ သင်တန်းသားသင်တန်းသူများ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဌာနအကြီးအကဲများနှင့် ညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်