ကျောက်ပန်းတောင်း ဇန်နဝါရီ ၂
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ တလိုင်းကန်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာရှိ မြေသားမိုးရေလှောင်ကန် အပိုင်း(၁)နှင့့်် အပိုင်း(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ကန်ပေါင်ပေါ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက မြေသားမိုးရေလှောင်ကန် တူးဖော်ပြီးစီးမှုအခြေအနေများနှင့် ဌာနအစီအစဉ်ဖြင့် ကျေးရွာရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဖွင့်ပွဲအထိမ်းအမှတ်အလံများကို မြို့နယ်ဦးစီးမှူးက တပ်နယ်မှူး ဗိုလ်မှူးကြီး အောင်ဇော်မိုးနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်လွင်ထံသို့ လည်းကောင်း၊ ဦးစီးအရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာကော်မတီထံသို့လည်းကောင်း ပေးအပ်ပြီး ကျေးရွာ ကော်မတီဝင် ဦးလှထွေးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် တပ်နယ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရေကန်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကန်ရေဝင်ရောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါ ကျောင်းစုကျေးရွာ မြေသားမိုးရေလှောင်ကန်မှာ ရှေးကျသည့် ရေကန်တစ်ခုဖြစ်ပြီး ဒေသအခေါ် တန်ဆည်ကန်ဟု ခေါ်ကြောင်းနှင့် တိမ်ကောလုနည်းနည်း ဖြစ်နေခဲ့ရာမှ ၂၀၂၃-၂၀၂၄ တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုးရေလှောင်ကန် အပိုင်း(၁) အလျားပေ ၁၄၀၀၊ အနံ ပေ ၄၀၀နှင့် အနက် ၄ ပေကို ခွင့်ပြုရန်ပုံငွေ ၁၉၀ ဒသမ ၀၉၆ သန်းဖြင့်လည်းကောင်း၊ အပိုင်း(၂) အလျားပေ ၅၅၀၊ အနံ ပေ ၅၀၀ နှင့် အနက်ပေ ၄ ပေကို ခွင့်ပြုရန်ပုံငွေ ၉၃ ဒသမ ၃၈၀ သန်းဖြင့်လည်းကောင်း ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မိုးရေလှောင်ကန်များမှ ကျောင်းစု ကျေးရွာရှိ အိမ်ခြေ(၁၀၂၇)မှ လူဦးရေ (၅၅၀၆)ဦးအပြင် အနီးဝန်းကျင် ကျေးရွာများဖြစ်သည့် တလိုင်းကန်၊ ဘုရားကြီးကုန်း၊ ငါ့သရောက်၊ စမ်းစု၊ အင်ပင်စမ်း အစရှိသည့် ကျေးရွာများမှလည်း ရာသီမရွေး မှီခိုအားထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


