ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ရန်ကုန်မြို့ရှိ စက်မှုလုပ်ခွင်သင်တန်းကျောင်းနှင့် အပင်ဇီဝနည်းပညာဗဟိုဌာနတို့ကို ကြည့်ရှုစစ်ဆေးပြီး ဗဟိုမြေစာရင်း ဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းမှ နိုင်ငံ့ဝန်ထမ်း သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၄

 

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း(၁)၊ စက်မှုလုပ်ခွင် သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စက်ယန္တရားသုံးစွဲခြင်းဆိုင်ရာ ကျွမ်းကျင်ထက်မြက်သော စက်ပြင်များနှင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းနိုင်သော စက်မောင်းများ သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ရေးနှင့် လုပ်ငန်းခွင်ကြီးကြပ်သင်တန်းများ၊ စွမ်းဆောင်ရည်မြှင့် မွမ်းမံသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆွေးနွေးမှာကြားသည်။

 

ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း(၁)၊ စက်မှုလုပ်ခွင် သင်တန်းကျောင်းကို စတင်ဖွင့်လှစ်သည့် (၁၉၇၄-၁၉၇၅) ဘဏ္ဍာရေးနှစ်မှ (၂၀၂၃) ခုနှစ်၊ စက်တင်ဘာလအထိ သင်တန်း စုစုပေါင်း (၂၅၅)ခု ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း (၁၂၁၆၁)ဦးကို သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဌာန်းရေးအဖွဲ့ (National Skills Standards Authority (NSSA) နှင့် ချိတ်ဆက်၍ မြေတူးစက်မောင်းလုပ်သား ကျွမ်းကျင်မှု အဆင့်(၁) အကဲဖြတ်ဌာနကို (၂၀၁၇)ခုနှစ်တွင်လည်းကောင်း၊ ကျွမ်းကျင်မှုအဆင့်(၂) အကဲဖြတ်ဌာနကို (၂၀၂၀)ပြည့်နှစ်တွင်လည်းကောင်း စတင်ဖွင့်လှစ်ပြီး ယနေ့ထိ ကျွမ်းကျင်လုပ်သား (၂၈၂)ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး ဖြစ်သည်။ အလားတူ မှော်ဘီအလုပ်ရုံ(က)တွင် သံရည်ကျို ပုံသွန်းလုပ်သား ကျွမ်းကျင်မှုအဆင့် (၁)နှင့် အဆင့်(၂) အကဲဖြတ်ဌာနကိုလည်း (၂၀၁၆)ခုနစ်တွင် စတင်ဖွင့်လှစ်ကာ ကျွမ်းကျင်လုပ်သား (၄၁)ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ အပင်ဇီဝနည်းပညာဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ ပြခန်းများ၊ Molecular ဓါတ်ခွဲခန်းများ၊ သီးနှံအရည်အသွေး စစ်ဆေးခန်းများ၊ တစ်သျှူးဓါတ်ခွဲခန်းများ၊ ဇီဝလုံခြုံမှုအဆင့် ဓါတ်ခွဲခန်းလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 

အပင်ဇီဝနည်းပညာဗဟိုဌာန အနေဖြင့် သီးနှံမျိုးစေ့များ မျိုးဗီဇမှန်ကန်ရေး၊ မျိုးဗီဇသန့်စင်ရေးအတွက် (DNA)ဒီအန်အေ နည်းပညာဖြင့် မျိုးဗီဇခွဲခြားစီစစ်ပေးခြင်း၊ သီးနှံများ၏ မျိုးရိုးဗီဇမှန်ကန်မှုကို DNA နည်းပညာဖြင့် ခွဲခြားခြင်း၊ မှတ်တမ်းတင်ခြင်း၊ အပင်တစ်သျှူးမွေးမြူခြင်းဆိုင်ရာ လုပ်ငန်းများ၊ molecular markers အသုံးပြုပြီး သီးနှံမျိုးများ ပြန်လည်အဆင့်မြှင့်တင်ခြင်းနှင့် မျိုးသစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဇီဝလုံခြုံမှု ဆိုင်ရာစည်းမျဉ်းဥပဒေ၊ မူဘောင်များ၊ လုပ်ထုံး လုပ်နည်းများနှင့် လမ်းညွှန်ချက်များ ပေါ်ပေါက်နိုင်စေရန်၊ ဇီဝလုံခြုံမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်၊ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာဖြန့်ဖြူးခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုက်ကြီးမြို့ရှိ ဗဟိုမြေစာရင်း ဖွံ့ဖြိုးမှုလေ့ ကျင့်ပညာပေးရေး သင်တန်းကျောင်းတွင် တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးများ၌ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်း  သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံပြီး မိမိတို့၏ ရာထူးတာဝန်များနှင့်လျော်ညီသော ကျင့်ဝတ်သိက္ခာ ကောင်းမွန်စေရန်နှင့် တွေးခေါ်မြော်မြင်နိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်း၊ ခေါင်းဆောင်နိုင်စွမ်း မြင့်မားရေး ကြိုးပမ်းသွားကြရန် ဆွေးနွေးမှာကြားသည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး သည် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး သင်တန်းကျောင်းပြခန်းနှင့် သင်တန်းဆောင်များ၌ သင်ကြားပို့ချပေးနေမှုများကို လှည့်လည်ကြည့်ရှုသည်။

 

ဗဟိုမြေစာရင်း ဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းတွင် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ မြေတိုင်းသင်တန်း၊ တန်းမြင့် မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း၊ လုပ်ငန်းခွင် မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်းများအပါအဝင် လုပ်ငန်းအလိုက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ လက်ရှိ သင်တန်းအားလုံး၏ သင်တန်းတစ်ကြိမ်တွင်  သင်တန်းသား သင်တန်းသူ ၅၅၀ လက်ခံသင်ကြားပေးလျက်ရှိပြီး  သင်တန်းသား သင်တန်းသူ (၈၀၀)ဦး အထိ တိုးချဲ့လက်ခံသင်ကြားပေးနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်