ကချင်ပြည်နယ်ဝန်ကြီးချုပ် တပ်ကုန်းနှင့် နန်းကွေ့ IDPs စခန်းများမှ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် ပြည်သူများအား သွားရောက်ထောက်ပံ့

မြစ်ကြီးနား မတ် ၃၁

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများ ယာယီခိုလှုံရာစခန်းများဖြစ်သည့် တပ်ကုန်းနှင့် နန်းကွေ့စိန်ယောဟန် IDPs စခန်းများမှ အိမ်ထောင်စုများသည် ၎င်းတို့၏ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့ အခြေချနေထိုင်ကြမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ အဆိုပါ အိမ်ထောင်စုများအား မတ် ၃၁ ရက် နံနက်ပိုင်းက တပ်ကုန်းနှစ်ခြင်းIDPs စခန်း၌ သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့သည်။

 

ဦးစွာ မူလနေရပ်ကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်ကြမည့် IDPs စခန်းနှစ်ခုမှ အိမ်ထောင်စုများ၊ စခန်းတာဝန်ခံများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က တပ်ကုန်းနှစ်ခြင်း IDPs စခန်းမှ ၎င်းတို့၏နေရပ် ဝိုင်းမော်မြို့နယ် ကဇူးယန်ကျေးရွာ၊ ဂါးရာယန်ကျေးရွာနှင့် ဒဘတ်ယန်ကျေးရွာများတွင် ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု ၅၈ စုနှင့် နန်းကွေ့စိန်ယောဟန်စခန်းမှ နေရပ်မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာအုပ်စုသို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်ကြမည့် အိမ်ထောင်စု ကိုးစု စုစုပေါင်း အိမ်ထောင်စု ၆၇ စုတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန် တစ်အိတ်၊ ဆီ တစ်ပိဿာ၊ ငွေကျပ် တစ်သိန်းစီတို့ဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးကျပ် ၁၂၂၆၁၀၀၀ နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေ၊ ပြောင်းရွှေ့စရိတ်နှင့် ကယ်ဆယ်ရေး ပစ္စည်း ၁၇ မျိုးပါဝင်သည့် ပစ္စည်းပုံးများဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးကျပ် ၁၂၇၀၂၃၄၀ ကို အသီးသီးထောက်ပံ့ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ကလေးငယ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ခေမာသီရိကျောင်းတိုက် ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်မည့် နဂါးရုံဗုဒ္ဓရုပ်ပွားတော် ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး နဂါးရုံဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်မည့်နေရာ၌ ကျောင်းထိုင်ဘုန်းတော်ကြီး၊ ဆရာတော် သံဃာတော်များ၊ အလှူရှင်များနှင့်အတူ မင်္ဂလာချိန်တွင် သတ်မှတ်နေရာ အသီးသီးတွင် ပန္နက်တင်ပေးသည်။

 

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားတက္ကသိုလ်သို့ သွားရောက်ပြီး တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာဖြေလွှာများအား စစ်ဆေးဆောင်ရွက်မည့် စာစစ်မှူးများနှင့် တွေ့ဆုံပြီး ထောက်ပံ့ငွေ ကျပ် ၂၅ သိန်းကို ပေးအပ်သည်။ ယင်းနောက် မြစ်ကြီးနားတက္ကသိုလ်အတွင်း ဘာသာရပ်အလိုက် စာစစ်ဌာနများဖွင့်လှစ်၍ အခြေခံပညာနှင့် အဆင့်မြင့်ပညာတို့မှ ဆရာ ဆရာမ ၅၄၀ ကျော်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ ၅ သောင်းကျော်ကို စစ်ဆေးဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ပြည်နယ်(ပြန်/ဆက်)