ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပ

ပဲခူး မတ် ၃၁

 

ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို မတ် ၃၀ ရက် ညနေပိုင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

 

ဦးစွာ ကြွရောက်တော်မူလာကြသည့် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်အပေါင်းက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဂေါပကအဖွဲ့ဝင်တစ်ဦးက သမ္မာဒေဝနတ်များအား ပင့်ဖိတ်ကာ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ နိုင်ငံတော် ဩဝါဒါစရိယ ပဲခူးမြို့မဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 

ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ပွဲတော်ဖွင့်ပွဲကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး ပွဲတော်ကျင်းပရေးနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးခလုတ်နှိပ်၍ မီးစတင်ပူဇော်ဖွင့်လှစ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်နှင့် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်စေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား မတ် ၃၀ ရက်မှ ဧပြီ ၈ ရက် (တန်ခူးလဆန်း ၁၀ ရက်မှ တန်ခူးလပြည့်ကျော် ၄ ရက်)အထိ ၁၀ ရက်တိုင်တိုင် ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း အစီအစဉ်များ၊ ကုန်ပစ္စည်းများရောင်းဝယ်ရေးအစီအစဉ်များနှင့် ပျော်ပွဲရွှင်ပွဲအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တန်ခူးလပြည့်နေ့တွင် ဘုရားအမှူးပြုသော သံဃာတော် အရှင်သူမြတ် အပါး ၅၀၀ အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်းကောင်းမှုကုသိုလ်ဖြင့် ဆွမ်းဆန်စိမ်းနှင့် အခြားလှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်သွားမည်ဖြစ်သည်။

 

တင်စိုး(ပဲခူး)