ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း (အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ)

ကျော်ဆု

နိုင်ငံသမိုင်းအကျဉ်း

အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသည် အာဖရိကတိုက်၏ အနောက်မြောက်ပိုင်း၌ တည်ရှိသည်။ မြောက်ဘက်၌ မြေထဲပင်လယ်၊ အရှေ့ဘက်၌ တူနီးရှားနိုင်ငံနှင့် လစ်ဗျားနိုင်ငံ၊ တောင်ဘက်တွင် မာလီသမ္မတနိုင်ငံနှင့် နိုင်ဂျာသမ္မတနိုင်ငံ၊ အနောက်ဘက်၌ မော့ရီတေးနီးယားနှင့် မော်ရိုကိုနိုင်ငံတို့ဖြင့် ဝန်းရံလျက်ရှိပြီး ဆာဟာရသဲကန္တာရ၌ တစ်စိတ်တစ်ဒေသ ပါဝင်ပါသည်။ နိုင်ငံ၏အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၉၁၉၅၉၁ ရှိသည်။ မြို့တော်မှာ အယ်လ် ဂျီးရီးယားဖြစ်သည်။ နိုင်ငံ၏ လူဦးရေမှာ ၅၃ သန်းကျော်ခန့်ရှိသည်။ အယ်လ်ဂျီးရီးယားနိုင်ငံ၌ မူလနေထိုင်ကြသူများမှာ ဗာဗားလူမျိုးများဖြစ်ကြပြီး ၇ ရာစုနှင့် ၈ ရာစု နှစ်များအကြားတွင် အစ္စလာမ်ဘာသာဝင် အာရပ်လူမျိုးများ ဝင်ရောက်နေထိုင်လာကြသည်။ အများစုသည် အာရပ်လူမျိုးများ ဖြစ်ကြသည်။ အယ်လ်ဂျီးရီးယားနိုင်ငံသည် ၁၉၆၂ ခုနှစ်တွင် အာရပ်နိုင်ငံများအသင်း (Arab League) ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သည်။ 

အယ်လ်ဂျီးရီးယားနိုင်ငံသည် ၁၆ ရာစုမှ စတင်ကာ တူရကီ အော်တိုမန် အင်ပါယာ၏တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ပြီး ၁၈၃၀ ပြည့်နှစ်တွင် ပြင်သစ်က သိမ်းပိုက်ခဲ့သည်။ ၁၉၄၅ ခုနှစ်မှစ၍ အမျိုးသား လွတ်မြောက်ရေးတပ်ဦး၏ ဦးဆောင်မှုဖြင့် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ပြီး ၁၉၆၂ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၆၃ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို အတည်ပြုခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပါတီစုံစနစ်ကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၉၁ ခုနှစ်အထိ တစ်ခုတည်းသောအာဏာရပါတီသည် အမျိုးသားလွတ်မြောက်ရေး တပ်ဦးပါတီ (FLN) ဖြစ်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ရွေးကောက်ပွဲကို ပါတီစုံဖြင့် ကျင်းပခဲ့ပြီး အစ္စလာမ္မစ်ကယ်တင်ရေးတပ်ဦး (FIS) ပါတီ အနိုင်ရရှိခဲ့သော်လည်း ၎င်းတို့၏ အတိုက်အခံပါတီဖြစ်သည့် ပြည်သူ့ အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့များက ရွေးကောက်ပွဲကို ဖျက်သိမ်းခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် အယ်လ်ဂျီးရီးယား၌ ပြည်တွင်းစစ်ဖြစ်ပွားခဲ့သဖြင့် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ပြင်ဆင်ဖြည့်စွက်ခဲ့၍ ၁၉၈၉ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ဆိုင်းငံ့ထားသည့် အရေးပေါ်အခြေအနေတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့ပြီး လွှတ်တော် နှစ်ရပ်ပါဝင်သည့် အယ်လ်ဂျီးရီးယား ပါလီမန် ကို ဖွဲ့စည်းခဲ့သည်။

အစိုးရဖွဲ့စည်းမှု

အယ်လ်ဂျီးရီးယားနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ Semi-Presidential စနစ်ကို လက်ခံကျင့်သုံးပြီး ယင်းအစိုးရစနစ်သည် သမ္မတ၊ ဝန်ကြီးချုပ်နှင့် အစိုးရတို့အကြား အာဏာခွဲဝေ အုပ်ချုပ်သော စနစ်ဖြစ်သည်။ ဝန်ကြီးချုပ်ကို သမ္မတကခန့်အပ်ပြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ဝန်ကြီးများကို ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းပြီး နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးအပ် ကာ အောက်လွှတ်တော်က အတည်ပြုထားသည့်စီမံချက်များကို အကောင်အထည်ဖော်ရန်နှင့် ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ပေးထားသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေက သမ္မတကို နိုင်ငံတော်အကြီးအကဲအဖြစ် သာမက နိုင်ငံတော် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒများအတွက်ပါ တာဝန်ရှိသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်လည်း အာဏာများစွာ ပေးထားသည်။ သမ္မတသည် ဝန်ကြီးများကောင်စီ၏ဥက္ကဋ္ဌ ဖြစ်သည့်အပြင် အစိုးရကိုဖြုတ်ချရန်နှင့် လွှတ်တော်ကိုဖျက်သိမ်းရန် အခွင့်အာဏာရှိသည်။ ထို့ပြင် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း သမ္မတက ခန့်အပ်နိုင်သည်။ အကယ်၍ သမ္မတက စစ်ကြေညာလိုသည်ဆိုပါက လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် တိုင်ပင် ဆွေးနွေးအတည်ပြုကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ထား၍ အရေးပေါ်လုပ်ပိုင်ခွင့်များအားလုံးကို သမ္မတထံ အပ်နှင်းရမည် ဖြစ်သည်။

လွှတ်တော်ဖွဲ့စည်းမှု

အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ပါလီမန်သည် လွှတ်တော် နှစ်ရပ်ပါသော ( bicameral parliament ) ဖြစ်ပြီး အထက်လွှတ်တော် (Council of the Nation) နှင့် အောက်လွှတ်တော် (People’s National Assembly) တို့ဖြင့် ဖွဲ့စည်းထားသည်။ ဥပဒေပြုရေးအာဏာကို အစိုးရနှင့်လွှတ်တော်နှစ်ရပ်ဖြစ်သည့် အထက်လွှတ်တော် (Council of the Nation) နှင့် အောက်လွှတ်တော် (People’s National Assembly) တို့ထံ၌ အပ်နှံထားသည်။ ယင်း အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကိုယ်စားလှယ်များကို သက်ဆိုင်ရာခရိုင်များတွင် (List PR) စာရင်းအလိုက် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက် တင်မြှောက်ခြင်းဖြစ်သည်။ 

အောက်လွှတ်တော်

အောက်လွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ်သက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ် ၄၀၇ ဦးဖြင့် ဖွဲ့စည်းထားသည်။ ဝန်ကြီးချုပ်(သို့) အောက်လွှတ်တော်မှ အနည်းဆုံးကိုယ်စားလှယ် ၂၀ က ဥပဒေကြမ်း တစ်ရပ်ကို တင်သွင်းနိုင်သည်။ အောက်လွှတ်တော်၏ သုံးပုံနှစ်ပုံမဲဖြင့် သမ္မတ၏ ဗီတိုအာဏာကို လွှမ်းမိုးနိုင်ပြီး အစိုးရ (သို့) အစိုးရအဖွဲ့ဝင် များကို ပြစ်တင်ဝေဖန်နိုင်ရန် အခွင့်အာဏာရှိသည်။ အောက်လွှတ်တော်သည် အခြေခံအခွင့်အရေးများ၊ တရားစီရင်ရေးနှင့် စပ်လျဉ်းသည့် ရာဇဝတ်ကျင့်ထုံးဆိုင်ရာ အထွေထွေစည်းမျဉ်းများနှင့် နိုင်ငံတော် ဘဏ္ဍာငွေ ဘတ်ဂျက်များကို ပြဋ္ဌာန်းနိုင်သည်။ 

အထက်လွှတ်တော်

အထက်လွှတ်တော်ကို (Council of the Nation) နိုင်ငံတော် ကောင်စီဟုလည်း ခေါ်သည်။ အထက်လွှတ်တော်၏ လွှတ်တော် ကိုယ်စားလှယ်သက်တမ်းမှာ ခြောက်နှစ်ဖြစ်ပြီး အထက်လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာ ၁၄၄ နေရာအနက်မှ သုံးပုံနှစ်ပုံဖြစ်သည့် ၉၆ နေရာကို သွယ်ဝိုက် လျှို့ဝှက်မဲပေးရွေးချယ်ပြီး သုံးပုံတစ်ပုံဖြစ်သည့် ၄၈ နေရာကို နိုင်ငံတော်သမ္မတက ခန့်အပ်သည်။ လွှတ်တော်ကို သုံးနှစ်တစ်ကြိမ် ထက်ဝက်သက်တမ်းတိုးသည်။ အထက်လွှတ်တော်သည် အောက်လွှတ်တော်က တင်ပြလာသည့်ဥပဒေကြမ်းကို ဆွေးနွေးပြီး ထောက်ခံဆန္ဒမဲ လေးပုံတစ်ပုံ ဖြစ်သည့်မဲအများစုဖြင့် အတည်ပြုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတနုတ်ထွက်ခဲ့ပါက အထက်လွှတ်တော် ဥက္ကဋ္ဌက ယာယီသမ္မတအဖြစ် အများဆုံးရက်ပေါင်း ၉၀ အထိ တာဝန်ယူ ထမ်းဆောင်ရမည်ဖြစ်ပြီး နောက်ထပ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်သည်။ အယ်လ်ဂျီးရီးယား ပါလီမန်သည် အာရပ်နိုင်ငံများအကြားတွင် လွှတ်တော်အတွင်း အမျိုးသမီးအမတ်နေရာရှိမှု အများဆုံးလည်းဖြစ်သည်။

ရွေးကောက်ပွဲသမိုင်း ကျင်းပခဲ့သည့်ရွေးကောက်ပွဲများ

အယ်လ်ဂျီးရီးယားနိုင်ငံသည် ၁၉၆၂ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း ၁၉၆၃ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ်အထိ သမ္မတ ရွေးကောက်ပွဲကို ၁၉၆၃ ခုနှစ်၊ ၁၉၆၇ ခုနှစ်၊ ၁၉၇၃ ခုနှစ်၊ ၁၉၈၄ ခုနှစ်၊ ၁၉၈၈ ခုနှစ်၊ ၁၉၉၅ ခုနှစ်၊ ၁၉၉၉ ခုနှစ်၊ ၂၀၀၄ ခုနှစ်၊ ၂၀၀၉ ခုနှစ်၊ ၂၀၁၄ ခုနှစ်၊ ၂၀၁၉ ခုနှစ် စသည်ဖြင့် စုစုပေါင်း (၁၁) ကြိမ် ကျင်းပ ပြုလုပ်ခဲ့သည်။ ပါလီမန်ရွေးကောက်ပွဲများကိုမူ ပြင်သစ်လက်အောက်ခံ နိုင်ငံအဖြစ် တည်ရှိခဲ့စဉ် ၁၈၉၈ ခုနှစ်ကတည်းကပင်စတင်၍ ၂၀၂၁ ခုနှစ်အထိ စုစုပေါင်း ၂၈ ကြိမ် ပါလီမန်ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကို ၁၉၄၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၁၇ ကြိမ် ဆန္ဒခံယူပွဲကျင်းပပြုလုပ်ခဲ့သည်။

ရွေးကောက်ပွဲစနစ်

အယ်လ်ဂျီးရီးယားနိုင်ငံသည် ၁၉၆၃ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ တစ်ပါတီစနစ်ဖြစ်ခဲ့ပြီး အမျိုးသားလွတ်မြောက်ရေးတပ်ဦးပါတီ (FLN) သည် တစ်ခုတည်းသော ပါတီဖြစ်ခဲ့သည်။ ၁၉၉၈ ခုနှစ်မှစ၍ ပါတီစုံ ရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်း လွတ်လပ်စွာနိုင်ငံရေး ပြောဆိုခွင့်၊ ဆန္ဒပြခြင်းနှင့် စုဝေးခွင့်ကို ကန့်သတ်ပိတ်ပင်ထားသည်။ ၁၉၉၁ ခုနှစ်မှစ၍ ပါတီစုံစနစ် အားကောင်းလာသော်လည်း နိုင်ငံရေး မငြိမ်သက်မှုများနှင့် ပြည်တွင်းစစ်ကြောင့် သေဆုံးသူ တစ်သိန်းကျော် ရှိခဲ့သည်။ ဖွဲ့စည်းပုံအရ ပါတီစုံစနစ်ကို အသိအမှတ်ပြုသော်လည်း ဘာသာရေးတွင် ကန့်သတ်မှုရှိသည်။ ပါတီစုံစနစ်ဖြစ်သည့်အတွက် ပါတီများစွာရှိပြီးပါတီတစ်ခုတည်းမှ အပြတ်အသတ်အနိုင်ရပြီး အာဏာရရန် အခွင့်အလမ်းမရှိသည့်အပြင် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ပါတီများအချင်းချင်း ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်သည်။ သမ္မတကို နှစ်ကျော့ပြန်မဲပေးစနစ် (Two-round system-TRS) ဖြင့် တိုက်ရိုက်မဲပေးရွေးချယ်သည်။ လွှတ်တော်ရွေးကောက်ပွဲများအတွက် (Closed List PR) စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်ကိုကျင့်သုံး၍ ရရှိသည့်မဲရလဒ်အရ လွှတ်တော် ကိုယ်စားလှယ်နေရာခွဲဝေရန် (Largest Remainder Formula)မဲကျန် အများဆုံးတွက်နည်းကိုသုံး၍ တွက်ချက်သည်။ ၂၀၂၁ ခုနှစ် ပါလီမန် ရွေးကောက်ပွဲမှစ၍ (Open List PR) စာရင်းဖွင့်အချိုးကျ ကိုယ်စားပြုစနစ်နှင့် (Threshold) အနိမ့်ဆုံးရရှိသည့်မဲအရေအတွက် တွက်ချက်နည်းဖြင့် ပထမဆုံး ပြောင်းလဲကျင့်သုံးခဲ့သည်။ အောက်လွှတ်တော် ကိုယ်စားလှယ်နေရာရရှိရန်အတွက်  ပါတီများအနေဖြင့် ၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်တွင် အနည်းဆုံးခိုင်လုံဆန္ဒမဲ၏ ငါးရာခိုင်နှုန်းရရှိရန်လိုအပ်ပြီး အထက်လွှတ်တော်အတွက် ခိုင်လုံဆန္ဒမဲ ၏ ခုနစ်ရာခိုင်နှုန်းရရှိရန် လိုအပ်သည်။ ထို့ပြင် ပြီးခဲ့သည့်ရွေးကောက်ပွဲ တွင် မဲရလဒ် လေးရာခိုင်နှုန်းရရှိခဲ့သည့် ပါတီများ သို့မဟုတ် ဝင်ရောက် ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်တစ်ခုစီတွင် ယင်းမဲဆန္ဒနယ်ရှိ နိုင်ငံသား ၂၅၀ ၏ ထောက်ခံလက်မှတ်ရရှိထား သည့်ပါတီများကိုသာ ပါဝင်ယှဉ်ပြိုင်ခွင့် ပေးထားသည်။

ရွေးကောက်ပွဲများတွင်ဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များ

၁၉၄၈ ခုနှစ် အောက်လွှတ်တော်ရွေးကောက်ပွဲနှင့် ၁၉၅၁ ခုနှစ် ပြင်သစ်ပါလီမန်ရွေးကောက်ပွဲတို့တွင် မဲမသမာမှုကျူးလွန်သည့်ဖြစ်စဉ် များ ရှိခဲ့သည်။ ၂၀၀၂ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် ပါလီမန်ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့ကြပြီး ၂၀၀၉ ခုနှစ် သမ္မတရွေးကောက်ပွဲကိုလည်း စနစ်တကျ မဲလိမ်ညာမှုရှိသည်ဟု စွပ်စွဲပြောဆိုမှုများရှိခဲ့သည်။ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် အစ္စလာမ်ဘာသာဝင်များက အငြင်းပွား ကန့်ကွက်မှုများ ရှိခဲ့သည်။ နောက်ဆုံးကျင်းပခဲ့သည့် ပါလီမန်ရွေးကောက်ပွဲကို ၂၀၂၂ ခုနှစ်တွင် ကျင်းပရန် ရည်ရွယ်ထားသော်လည်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းပုံပြင်ဆင်ရန်အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမည်ဖြစ်သဖြင့် ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ် ဇွန် ၁၂ ရက်တွင် စောစီးစွာကျင်းပခဲ့သည်။ ရွေးကောက်ပွဲမကျင်းပမီ လအနည်းငယ်စော၍ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ခဲ့ပြီး Open List PR စနစ်နှင့် threshold တွက်ချက်နည်းတို့ဖြင့် စတင်မိတ်ဆက်ပေးခဲ့သည့် ပထမ ဆုံးသော ရွေးကောက်ပွဲဖြစ်သည်။ အယ်လ်ဂျီးရီးယားနိုင်ငံသည် ပြည်နယ်ပေါင်း ၄၈ ပြည်နယ်၊ ခရိုင်ပေါင်း ၅၄၈ ခရိုင်နှင့် မြို့နယ်ပေါင်း ၁၅၄၁ မြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ယခင်က မဲဆန္ဒနယ် ၄၈ နယ် သာ ရှိခဲ့သော်လည်း ၂၀၂၁ ရွေးကောက်ပွဲမတိုင်မီ ၂၀၁၉ ခုနှစ်တွင် မဲဆန္ဒနယ် ၁၀ နယ် ထပ်မံတိုးခဲ့ပြီး စုစုပေါင်း ၅၈ နယ်ဖြစ်လာသည်။ ထူးခြားချက်မှာ ယခင်ဥပဒေပြဋ္ဌာန်းချက်အရ ပြီးခဲ့သည့်ရွေးကောက်ပွဲ တွင် မဲရလဒ် လေးရာခိုင်နှုန်း ရရှိသည့်ပါတီများ သို့မဟုတ် ဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တစ်ခုစီတွင် နိုင်ငံသား ၂၅၀ ၏ထောက်ခံ လက်မှတ်ရရှိထားသည့် ကိုယ်စားလှယ်လောင်းများကိုသာ ပါဝင် ယှဉ်ပြိုင်ခွင့်ပေးထားသည့် ကန့်သတ်ချက်ကို ၂၀၂၁ ခုနှစ်ရွေးကောက်ပွဲတွင် ဖယ်ရှားလိုက်သည်။

ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းမှု

လွတ်လပ်သောအမျိုးသားရွေးကောက်ပွဲကော်မရှင်ကို ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် စုစုပေါင်း ၂၀ ဖြင့် ဖွဲ့စည်းထားသည်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအား အဖွဲ့ဝင်များက မဲပေးခြင်းဖြင့် မဲအများဆုံးရရှိသူကို ယှဉ်ပြိုင်ရွေးချယ်ပြီး မဲရရှိမှုတူညီနေပါက အသက်ပို၍ကြီးသူကို ဦးစားပေး ရွေးချယ်တင်မြှောက်သည်။ နိုင်ငံတော်သမ္မတသည် ရွေးချယ်ခံရသော ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ခန့်အပ်သည်။ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင် ဥပဒေပါသတ်မှတ်ချက်များနှင့်အညီ ခန့်အပ် သည်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ လုပ်ငန်း တာဝန်ထမ်းဆောင်သည့် သက်တမ်းကာလသတ်မှတ်ချက်မှာ ခြောက်နှစ်ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၏ သက်တမ်းကာလကိုလည်း ခြောက်နှစ်ထက်မပိုသည့် သတ်မှတ်ချက်နှင့် တစ်ကြိမ်သာခန့်အပ်နိုင်သည်။ 

ရွေးကောက်ပွဲစီမံခန့်ခွဲမှု

လွတ်လပ်သောအမျိုးသားရွေးကောက်ပွဲကော်မရှင်သည် အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်သောအဖွဲ့အစည်းဖြစ်သည်။ ရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတို့အတွက် ပြင်ဆင်ခြင်း၊ ကျင်းပခြင်းနှင့် ကြီးကြပ်စီမံခန့်ခွဲခြင်းများဆောင်ရွက်ရသည့် အဖွဲ့အစည်း ဖြစ်သည်။ မဲစာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပြင်ဆင်ခြင်း၊ အသိပညာပေးခြင်း၊ မဲဆန္ဒရှင်စာရင်းများ မှတ်ပုံတင်ခြင်း၊ မီဒီယာနှင့် စောင့်ကြည့်လေ့လာသူများအား အသိအမှတ်ပြုခြင်း၊ မဲရေတွက်ခြင်းနှင့် ရွေးကောက်ပွဲအငြင်းပွားမှုများကို ဥပဒေနှင့်အညီ ဖြေရှင်းပေးခြင်း စသည့်ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဆောင်ရွက်သည်။ လွတ်လပ်သော အမျိုးသားရွေးကောက်ပွဲကော်မရှင်အား စတင်ဖွဲ့စည်းသည့်နေ့မှစ၍ ရွေးကောက်ပွဲရလဒ်ကြေညာသည့်နေ့အထိ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် တာဝန်ဝတ္တရားများကို ပြီးဆုံးအောင် ဆောင်ရွက်ရသည်။ လွတ်လပ်သော အမျိုးသားရွေးကောက်ပွဲ ကော်မရှင်သည် ၎င်းတို့၏တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် ပွင့်လင်းမြင်သာမှုရှိ၍ သမာသမတ်ကျကျ ဆောင်ရွက်ရသည်။ 

သက်ဆိုင်ရာ ပြည်သူ့အာဏာပိုင်အဖွဲ့အစည်းများသည် လွတ်လပ်သော အမျိုးသားရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲလုပ်ငန်းစဉ် များ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် အကူအညီများ၊ လိုအပ်သည့်စာရွက်စာတမ်းအချက်အလက်များကို ပံ့ပိုးပေးရမည်။ လွတ်လပ်သော အမျိုးသားရွေးကောက်ပွဲကော်မရှင်သည် ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းများဖြင့် ဝန်ထမ်းအင်အားဖြည့်တင်းထားရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်သော အမျိုးသားရွေးကောက်ပွဲကော်မရှင်အား ရွေးကောက်ပွဲများကို ကြီးကြပ် ကွပ်ကဲရန် အခွင့်အာဏာပေး၍ ဖွဲ့စည်းထားသော်လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်များဆိုင်ရာအလုံးစုံကို  ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူစီမံဆောင်ရွက်ရန် အခွင့်အာဏာရှိသည်။ 

ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းမှုနှင့်ပြင်ဆင်မှုများ

ရွေးကောက်ပွဲဥပဒေတွင် ရွေးကောက်ပွဲဆိုင်ရာပြဋ္ဌာန်းချက်များ၊ မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒရှင်စာရင်း ပြန်လည်ပြင်ဆင်ခြင်း၊ မဲဆန္ဒရှင် ကတ်ပြားထုတ်ပေးခြင်း၊ ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ ကိုယ်စားမဲပေးခြင်း၊ သက်ဆိုင်ရာ လွှတ်တော်များနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ၊ သမ္မတရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခြင်း၊ မဲဆွယ်စည်းရုံးခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ စသည့်အခန်းများ ပါဝင်သည်။

ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ၂၀၁၂ ခုနှစ်တွင် ပြင်ဆင်ပြဋ္ဌာန်းမှုရှိခဲ့သည်။ ပြင်ဆင်ချက်အရ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီများမှ တင်သွင်းသည့် ကိုယ်စားလှယ်လောင်း စာရင်းတွင် မဲဆန္ဒနယ်အရွယ်အစားအပေါ်မူတည်ပြီး အမျိုးသမီးများ အတွက် (quota)ကိုတာ ခွဲတမ်းအရေအတွက်ကို တိုး၍သတ်မှတ်ထား သည်။ နောက်ဆုံးပြင်ဆင်ပြဋ္ဌာန်းမှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။

မဲဆန္ဒနယ်သတ်မှတ်ခြင်း

ပြည်နယ် ၅၈ ခုနှင့် နိုင်ငံပြင်ပရောက် လူမျိုးစုကိုယ်စားပြုမဲဆန္ဒနယ် တစ်ခု စုစုပေါင်း မဲဆန္ဒနယ် ၅၉ နယ်သတ်မှတ်ထားသည်။ ပြည်ပတွင် နေထိုင်သော အယ်လ်ဂျီးရီးယားနိုင်ငံသားများအတွက် ကိုယ်စားလှယ် ရှစ်နေရာကို သီးသန့်ထားရှိသည်။

နိုင်ငံရေးပါတီများဆိုင်ရာ 

ယနေ့အထိ အယ်လ်ဂျီးရီးယားတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီ ၄၀ ကျော်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပါတီစုံစနစ်ကို အသိအမှတ်ပြုသော်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ ပါတီဝင်များသည် အစ္စလာမ်ဘာသာဝင်ဖြစ်ရ မည်ဟု ဘာသာရေးကန့်သတ်ချက်ရှိသည်။ ၁၉၆၃ ခုနှစ်မှစ၍ တစ်ပါတီ စနစ်ကို ကျင့်သုံးခဲ့သော်လည်း ၁၉၈၈ ခုနှစ်မှစတင်ပြီး ပါတီစုံဒီမိုကရေစီ စနစ်ဖြစ်လာခဲ့ရာ အမျိုးသားလွတ်မြောက်ရေးတပ်ဦးပါတီအပြင် အခြားပါတီများက ဝင်ရောက်ယှဉ်ပြိုင်လာကြသည်။ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေးအသင်းအဖွဲ့ တာဝန်ထမ်းဆောင်နေသူများအား ပါတီတည်ထောင်ခွင့်နှင့် ပါတီဝင်ဖြစ်ခွင့်ကို တားမြစ်ထားသည်။ နိုင်ငံရေးပါတီများကို နိုင်ငံခြားမှ အထောက်အပံ့ရယူခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းများကို ပိတ်ပင်ထားသည်။ နိုင်ငံရေးပါတီများသည် နိုင်ထက်စီးနင်းပြုခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို အားပေးကူညီခြင်းမပြုရဟု တားမြစ်ထားသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများဆိုင်ရာ

အောက်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အနိမ့်ဆုံးအသက်ကန့်သတ်ချက်မှာ ၂၈ နှစ် ဖြစ်ပြီး အယ်လ်ဂျီးရီးယား နိုင်ငံသားဖြစ်ရမည်။ အထက်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အနိမ့်ဆုံး အသက်ကန့်သတ်ချက်မှာ ၄၀ နှစ်ဖြစ်သည်။ စစ်မှုထမ်းတာဝန်ကိုလည်း ကျေပွန်ရမည်။ လွှတ်တော်ကိုယ်စားလှယ် လောင်းအမည်စာရင်းကို ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၄၅ ရက် မတိုင်မီတွင် ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည်ဖြစ်သည်။ တင်သွင်းထားသည့်အရေအတွက်မှ (၁/၃) သုံးပုံတစ်ပုံသည် တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။ ပါလီမန် ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ၎င်းယှဉ်ပြိုင်မည့်မဲဆန္ဒနယ် တွင် မဲစာရင်းမှတ်ပုံတင်ထားသည့် မဲဆန္ဒရှင်အနည်းဆုံး ၄၀၀ ၏ လက်မှတ်ထိုးထောက်ခံမှု ရရှိထားရမည်။ 

မဲဆန္ဒရှင်များဆိုင်ရာ

အယ်လ်ဂျီးရီးယားတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့် ရှိသည်။ ရာဇဝတ်မှုကျူးလွန်ထားသူ၊ ထောင်ဒဏ်ကျခံနေရသူ၊ ယခင်က ထောင်ကျခံခဲ့ရသူ၊ အချုပ်ကျနေသူများသည် မဲပေးခွင့်မရှိပါ။ မဲပေးပိုင်ခွင့်အရည်အချင်းပြည့်မီသူ နိုင်ငံသားတိုင်းသည် မဲဆန္ဒရှင်စာရင်း မှတ်ပုံတင်ခြင်းကို မဖြစ်မနေစာရင်းပေး၍ မှတ်ပုံတင်ခြင်းဆောင်ရွက် ရမည်။ မဲပေးနိုင်ရန်အတွက် Voter card ကို သက်ဆိုင်ရာပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ထုတ်ပေးသည်။ အယ်လ်ဂျီးရီးယား တွင် မဲပေးရန် မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင်ဦးရေမှာ ပြည်တွင်းတွင် ၂၃၅၈၇၈၁၅ ဦးနှင့် ပြည်ပတွင် ၉၀၂၃၆၅ ဦး စုစုပေါင်း ၂၄၄၉၀၁၈၀ ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့  အယူခံဝင်ပြီးနောက် တရားဝင်မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင်ဦးရေ ၂၄၄၅၃၉၉၂ ဦးအထိ လျော့ကျကျန်ရှိခဲ့သည်။ သို့ဖြစ်ပါ၍ အယ်လ်ဂျီးရီးယားနိုင်ငံတွင် ယနေ့အထိ တရားဝင်မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင်ဦးရေ ၂၄ ဒသမ ၅ သန်းခန့်ရှိသည်။

ဆန္ဒမဲပေးခြင်း 

မဖြစ်မနေမဲပေးရသည့်စနစ်မဟုတ်ဘဲ ဆန္ဒအလျောက်မဲပေးခြင်း စနစ်ဖြစ်သည်။ ဆေးရုံ သို့မဟုတ် အိမ်တွင်ဆေးကုသမှုခံယူနေရသူများ၊ လှုပ်ရှားမရဖြစ်နေသည့် မသန်စွမ်းသူများ၊ မဲဆန္ဒနယ်ပြင်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူများနှင့် ခရီးလွန်နေသူများ၊ မဲပေးသည့်နေ့တွင် တာဝန်ထမ်းဆောင်ရမည့်သူများအနေဖြင့် ကိုယ်စားမဲပေးခြင်း ပြုလုပ်နိုင်သည်။ နိုင်ငံပြင်ပသို့ ရောက်ရှိနေသူများအနေဖြင့် ကိုယ်စားမဲပေးခြင်း၊ သက်ဆိုင်ရာသံရုံးများနှင့် ကောင်စစ်ဝန်ရုံးများသို့ သွားရောက်မဲပေးခြင်းများ ပြုလုပ်နိုင်သည်။

ရွေးကောက်ပွဲနေ့တွင် မဲရုံဖွင့်ချိန်မှာ နံနက် ၈ နာရီဖြစ်ပြီး မဲရုံ ပိတ်ချိန်မှာ ည ၇ နာရီဖြစ်သည်။ မဲရုံတွင် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် အတွင်း ရေးမှူးတစ်ဦး၊ အကဲဖြတ် နှစ်ဦးနှင့် မဲရုံအဖွဲ့ဝင်များဖြင့် တာဝန်ချထား သည်။ မဲရုံတာဝန်ရှိသူများကို ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ၏ ဆွေမျိုးများမဟုတ်သည့် သူများကိုသာ ရွေးချယ်ခန့်အပ်ထားရသည်။ မဲဆန္ဒရှင်များသည် မဲရုံ သို့သွားရောက်၍ လျှို့ဝှက်ဆန္ဒပြုရသည်။ မဲဆန္ဒရှင်အနေဖြင့် လျှို့ဝှက် ဆန္ဒပြုခန်းတွင် ဆန္ဒပြုပြီးပါက ဆန္ဒမဲလက်မှတ်ကို မဲပုံးအတွင်းသို့ ထည့်၍ မဲပေးပြီးကြောင်း သက်သေအဖြစ် လက်မှတ်ထိုးပြီး လက်ချောင်းကို မင်တို့ခဲ့ရမည်ဖြစ်သည်။

ရွေးကောက်ပွဲရလဒ်များရေတွက်ခြင်း

မဲပေးသည့်လုပ်ငန်းစဉ်ပြီးဆုံးသည်နှင့် မဲရေတွက်ခြင်းကို ပွင့်လင်းမြင်သာစွာဖြင့် အများပြည်သူရှေ့တွင် ဆောင်ရွက်သည်။ မဲရုံအဖွဲ့ဝင်များ၏ ကြီးကြပ်မှုအောက်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်များ၏ ရှေ့မှောက်တွင် တာလီချိုး၍ မဲရေတွက်ရမည်ဖြစ်သည်။ ပယ်မဲများကို ထည့်သွင်းရေတွက်ခြင်းမပြုပါ။ မဲရေတွက်စဉ် မဲဆန္ဒရှင်များအနေဖြင့် လာရောက်ကြည့်ရှုနိုင်ပြီး မဲရေတွက်ခြင်းလုပ်ငန်းစဉ်တွင် ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်သည်။ ရေတွက်ပြီးသည့် မဲလက်မှတ်များကို သေချာစွာစုစည်း၍ မှတ်တမ်းတင်ထားရှိရသည်။ မဲရေတွက်ပြီးသည့် ရလဒ်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ၎င်းတို့၏ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၏ မှတ်ချက်များနှင့်အတူ ထည့်သွင်းဖော်ပြ၍ မပြယ်သည့်မင်ဖြင့် ရေးသားပြီး တရားဝင်မှတ်တမ်းတင်ထားရှိသည်။ မဲရေတွက်ထားသည့်ရလဒ်မှတ်တမ်းပေါ်တွင် မဲရုံအဖွဲ့ဝင်များက လက်မှတ်ထိုး၍ မိတ္တူနှစ်စောင် ကူးယူထားရသည်။ ရွေးကောက်ပွဲ ရလဒ်ကို မဲရုံမှူးက အများပြည်သူရှေ့မှောက်တွင် ကြေညာပြီး မဲရုံ၌ မြင်သာစေရန် ကပ်ထားသည်။

ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ

၂၀၁၂ ခုနှစ်စာရင်းအရ ပါလီမန်တွင် လွှတ်တော်ကိုယ်စားလှယ် နေရာ ၄၆၂ နေရာရှိသည်။ ၂၀၁၂ ခုနှစ် မေလ ရွေးကောက်ပွဲတွင် မဲပေးသူ ၄၂ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း အစိုးရက ဖော်ပြခဲ့သော်လည်း BBC သတင်းဌာနက မဲမသမာမှုများရှိခဲ့သည်ဟု ဆိုသည်။ ထိုရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၄၄ ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွတ်မြောက်ရေး တပ်ဦးပါတီက အခြားပြိုင်ဘက်ပါတီများကို ကျော်လွန်၍ အမတ်နေရာ ၂၂၀ ကို ရရှိခဲ့သည်။ အစ္စလာမ္မစ် မဟာမိတ်အဖွဲ့ပါတီမှ ၆၆ နေရာဖြင့် ဒုတိယမဲရလဒ်အများဆုံး ရခဲ့သည်။ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲရလဒ်နှင့် စပ်လျဉ်း၍ အငြင်းပွားမှု များရှိခဲ့သည်။

၂၀၁၇ ခုနှစ် ရွေးကောက်ပွဲ

၂၀၁၇ ခုနှစ်၊ မေလတွင် ကျင်းပခဲ့သည့် ပါလီမန်ရွေးကောက်ပွဲ၌ မဲပေးသူ ၃၅ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၂၀၁၂ ပါလီမန်ရွေးကောက်ပွဲ၌ မဲပေးခဲ့သည့်ရာခိုင်နှုန်း ၄၃ ရာခိုင်နှုန်းအောက်ပင် လျော့နည်းနေသည်။ အမျိုးသားလွတ်မြောက်ရေး တပ်ဦးပါတီသည် ဒီမိုကရေစီဦးတည်ရေး ပါတီနှင့်ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့သော်လည်း အမျိုးသားလွတ်မြောက်ရေးတပ်ဦးပါတီအနေဖြင့် ရရှိခဲ့သည့်မဲရလဒ်သည် သိသာ စွာပင် လျော့နည်းကျဆင်းခဲ့သည်။ 

၂၀၂၁ ခုနှစ် ရွေးကောက်ပွဲ

၂၀၂၁ ခုနှစ် ပါလီမန်ရွေးကောက်ပွဲကို ဇွန် ၁၂ ရက်တွင် ကျင်းပခဲ့ပြီး နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲဖြစ်သည်။ အောက်လွှတ်တော်အတွက် အမတ်နေရာ ၄၀၇ နေရာကို ရွေးကောက် တင်မြှောက်ခဲ့သည်။ ဤရွေးကောက်ပွဲသည် အယ်လ်ဂျီးရီးယားသမိုင်းတွင် မဲပေးသူ အနည်းဆုံးဖြစ်ခဲ့ပြီး ၂၃ ရာခိုင်နှုန်းအောက်သာ မဲပေး ခဲ့ကြသည်။ ဒီမိုကရေစီဦးတည်ရေးပါတီအနေဖြင့် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွင် မဲအနည်းငယ်သာရရှိခဲ့၍ အမတ်နေရာရရှိမှု နည်းခဲ့သောကြောင့် ဆုံးရှုံးမှုများခဲ့သည်။ အမျိုးသားလွတ်မြောက်ရေး တပ်ဦးပါတီသည် မဲပေးနှုန်းလျော့ကျမှုကို ရင်ဆိုင်ခဲ့ရသော်လည်း အမတ်နေရာအသာရရှိ၍ အခြားပါတီများ၊ တစ်သီးပုဂ္ဂလများနှင့် ပူးပေါင်းကာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ပါလီမန် ရွေးကောက်ပွဲတွင် ပါတီတစ်ခုချင်းစီအလိုက် ရရှိခဲ့သောလွှတ်တော် ကိုယ်စားလှယ်လောင်းနေရာများမှာ အောက်ပါအတိုင်းဖြစ်သည် -

နိဂုံး

အယ်လ်ဂျီးရီးယားနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍတို့၌ သဘောထားကွဲလွဲမှုများနှင့်အတူ အပြောင်းအလဲများစွာ အဆက်မပြတ်ဖြစ်ပေါ်ခဲ့သည်။ ရွေးကောက်ပွဲ များကို အကြိမ်ကြိမ်ကျင်းပခဲ့ခြင်း၊ ပြန်လည်ဖျက်သိမ်းခြင်း၊ ရွှေ့ဆိုင်းခြင်း၊ ဆန္ဒပြခြင်း၊ မဲမသမာမှုများကြောင့် အယုံအကြည်ကင်းမဲ့စေသော ရွေးကောက်ပွဲများရှိခဲ့သော်လည်း ကောင်းမွန်သည့်အစိုးရတစ်ရပ် ပေါ်ထွန်းလာနိုင်ရန် ပြည်သူများက မျှော်လင့်လျက်ရှိသည်။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းရန်အတွက် နိုင်ငံရေးစနစ်အပြောင်းအလဲကို အနည်းငယ်တံခါးဖွင့်ပေးခဲ့သည့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အယ်လ်ဂျီးရီးယားနိုင်ငံလည်း အပါအဝင်ဖြစ်သည်။