ဖိလစ်ပိုင်ကူးတို့သင်္ဘောမီးလောင်မှုဖြစ်ပွားသဖြင့် လူ ၁၀ ဦးထက်မနည်းသေဆုံး

မတ် ၃၀

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ယမန်နေ့ညနှောင်းပိုင်းက  ခရီးသည် ၂၀၀ ကျော်တင်ဆောင်လာသော ကူးတို့သင်္ဘောတစ်စီး မီးလောင်မှုကြောင့် ခရီးသည် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့( ပီစီဂျီ )က ယနေ့တွင် ပြောကြားသည်။

သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်စီမံခန့်ခွဲရေးရုံးအကြီးအကဲ နစ်အွန်အာလွန်ဇိုက ထိုကူးတို့သင်္ဘောသည် ဂျိုလိုမှ ဇမ်ဘိုအန်ဂါမြို့သို့ ဦးတည်သွားနေစဉ် မတ်လ ၂၉ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်က ဘာစီလန်ပြည်နယ် ဟတ်ဂျေမူဟာမက်မြို့ရှိ ဘာလတ်ခ်-ဘာလတ်ခ်ကျွန်းရေပြင်တွင်မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုသင်္ဘောပေါ်ရှိ လေအေးပေးစက်အခန်းတစ်ခန်းမှမီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ရာ အာဏာပိုင်များက ယင်းမီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို  စုံစမ်းစစ်ဆေးလျက်ရှိသည်။

ထိုသင်္ဘောမီးလောင်မှုတွင် ပင်လယ်ထဲသို့ခုန်ချသူ ခရီးသည်ခုနစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် ခရီးသည် ၁၉၅ ဦးနှင့် သင်္ဘောသား ၃၅ ဦးတို့ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ခရီးသည်များသည် ပင်လယ်ထဲသို့ခုန်ချခဲ့ပြီးနောက် ရေနစ်သေဆုံးခဲ့ကြပြီး အချို့မှာမီးလောင်သေဆုံးခဲ့ကြောင်း  ၎င်းကပြောကြားသည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို