အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်ကလေးငယ် ၁၅ ဒသမ ၅ သန်းကျော်ရှိလာ

မတ် ၂၉

 

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားချိန် ၂၀၂၀ ခုနှစ်အစောပိုင်းမှစတင်ကာ  ထိုရောဂါကူးစက်ခံရသည့်ကလေးငယ် ၁၅ ဒသမ ၅ သန်းကျော်ရှိလာကြောင်း ကလေးဆေးရုံအဖွဲ့နှင့် ကလေးဆိုင်ရာဆေးပညာအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

 

ပြီးခဲ့သည့်သီတင်းပတ်လေးပတ်အတွင်း ထိုရောဂါကူးစက်မှု ၆၆၀၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။ မတ်လ ၂၃ ရက် ကုန်ဆုံးမည့်သီတင်းပတ်အတွင်း ယင်းရောဂါကူးစက်သည့် ကလေးပေါင်း ၁၃၀၀၀ ကျော်ရှိသည်ဟု သိရသည်။

 

ပြီးခဲ့သည့်ခြောက်လအတွင်း  အမေရိကန်နိုင်ငံတွင် အပတ်စဉ်ကူးစက်ခံရသည့်ကလေးဦးရေသည် ပျမ်းမျှအားဖြင့် ၃၀၀၀၀ ခန့်မြင့်တက်လာကြောင်း ဖော်ပြထားသည်။

 

အမေရိကန်နိုင်ငံသည် အဆိုပါရောဂါကူးစက်မှုနှင့်သေဆုံးမှုအရေအတွက် အများဆုံးဖြစ်ပြီး ရောဂါကူးစက်မှု အဆိုးရွားဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ယနေ့မနက်ပိုင်းအထိ ထိုရောဂါကူးစက်ခံရသူပေါင်း ၁၀၆၁၂၀၆၅၁ ရှိပြီး ယင်းရောဂါဖြင့်သေဆုံးသူပေါင်း ၁၁၅၃၉၇၂ ရှိသည်ဟုသိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို