ဖျာပုံမြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေရရှိရေးလုပ်ငန်းများ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ လွှဲပြောင်းပေးအပ်

ဖျာပုံ မတ် ၂၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးလက်ကုန်ထုတ်လမ်း တံတားများနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) လုပ်ငန်းတို့အား သက်ဆိုင်ရာ ကျေးရွာများသို့ လုပ်ငန်းလွှဲပြောင်းအပ်နှံလွှာများ ပေးအပ်ပွဲအခမ်းအနားကို မတ် ၂၈ ရက် နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

ဦးစွာ ဖျာပုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိူးက အဖွင့်အမှာစကား ပြောကြားပြီး ဖျာပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးက ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေရရှိရေးလုပ်ငန်းများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆောင်ရွက်ပြီးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ရခြင်းနှင့် ကျေးရွာသူကျေးရွာသားများအနေဖြင့် ဆောင်ရွက်ပြီး လုပ်ငန်းများကို ဝိုင်းဝန်းထိန်းသိမ်းပြီး ကျေးရွာအတွက် အကျိုးရှိရှိ အသုံးပြုသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဖျာပုံမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲသည့် ကျေးလက်ကုန်ထုတ်လမ်း (၂)လမ်းနှင့် ကျေးလက်ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်း (၁၇)ခု၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) လုပ်ငန်း (၁၅)ခုတို့အား သက်ဆိုင်ရာ ကျေးရွာများသို့ လုပ်ငန်းလွှဲပြောင်းအပ်နှံလွှာများအား ကျေးရွာကော်မတီဝင်များထံသို့ တာဝန်ရှိသူအသီးသီးက လွှဲပြောင်းပေးအပ်ကြသည်။

 

ဖျာပုံမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ကုန်ထုတ်လမ်းနှစ်လမ်း ဖောက်လုပ်ခြင်းနှင့် တွင်းနက်စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း တစ်ခု၊ အိမ်သွယ်တိုင်ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း တစ်ခု၊ ရေသန့်စင်စနစ် တည်ဆောက်ခြင်းလုပ်ငန်း လေးခု၊ မြေသားရေကန်တူးဖော်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်း ရှစ်ခု၊ ဆိုလာရေတင်စနစ် တည်ဆောက်ခြင်းလုပ်ငန်း သုံးခု စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း (၁၉)ခုကို ခွင့်ပြုရန်ပုံငွေ ၂၈၃ ဒသမ ၆၄၀၅ ကျပ်သန်းဖြင့် လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းလုပ်ငန်း (၁၀)ခု၊ ကွန်ကရစ်ဘောင်သဲလမ်းခင်းခြင်းလုပ်ငန်း တစ်ခု၊ ကွန်ကရစ်ဘီးလမ်းခင်းလုပ်ငန်း နှစ်ခု၊ ကျောက်ကြမ်းလမ်းခင်းခြင်းလုပ်ငန်း တစ်ခု၊ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း တစ်ခု စုစုပေါင်း လုပ်ငန်း(၁၅)ခုကို နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၅၀၀)၊ ပြည်သူထည့်ဝင်ငွေကျပ် (၃၅)သိန်းဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးက ပြောပြ၍ သိရသည်။

 

ကျော်စိုး(ကျေးလက်)