မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၇၈) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ 

နေပြည်တော် မတ် ၂၄

နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေ နှင့်အညီ အပြည့်အဝကောက်ခံရရှိနိုင်ရေးအတွက် အခွန်ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ပေးရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့သည့် မြို့နယ်အခွန်ဦးစီးဌာ နမှူးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း၊ အမှတ်စဉ် (၇၈) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၌ ကျင်းပသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက မြို့နယ်အခွန်ဦးစီးဌာ နမှူးများအနေဖြင့် သင်တန်းမှဆည်းပူးရရှိလာသည်များကို လက်တွေ့ဆောင်ရွက်မှု များဖြင့် ပေါင်းစပ်ပြီး၊ အခွန်ထမ်းပြည်သူများကို စိတ်ရင်းစေတနာမှန်ဖြင့် အဂတိတရား ကင်းရှင်းစွာ ဝန်ဆောင်မှုပေးကြရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝရရှိရန်နှင့် အခွန်ထမ်းပြည်သူများက အခွန် ဥပဒေများအရ ပေးဆောင်သင့်သည့် အခွန်ငွေများကို တာဝန်သိစွာ ပေးဆောင်လာစေမည့် အခွန်ယဉ်ကျေးမှုထွန်းကားလာစေရန် အသိပညာပေးစည်းရုံး ဆောင်ရွက်သွား ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက် သည့်အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝကောက် ခံရရှိနိုင်ရေးကို ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ရှင်းလင်းလွယ်ကူသော အခွန်စနစ်များ ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းအခွန် များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့်ခေတ်မီသောအခွန်ဌာနတစ်ခုဖြစ်လာစေရန် ဦးတည်အကောင် အထည်ဖော်နေသဖြင့် ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် သင်တန်းသား/ သင်တန်းသူများ အပါအဝင် အခွန်ဝန်ထမ်းများအားလုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်သွားကြရန်ဖြစ်ကြောင်း၊ ပြည်သူများအတွက်ဝန်ဆောင်မှုပေးသည့် ပြည်သူ့ဝန်ထမ်းကောင်း များဖြစ်အောင် အစဉ်တစိုက်ကြိုးစားကြခြင်းဖြင့် ပြည်တွင်း အခွန်များဦးစီးဌာန၏ ဂုဏ်ကိုဆောင်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း မှာကြားသည်။

ယခုဖွင့်လှစ်သော သင်တန်းတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများကို ကောက်ခံရာ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေ၊ တံဆိပ် ခေါင်းခွန်ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ဆက်စပ်သည့်ဥပဒေပြဋ္ဌာန်းချက်များ၊ အောင်ဘာ လေသိန်းဆုခွန်နှင့်စပ်လျဉ်းသည့် ညွှန် ကြားလွှာများ၊ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်းသည့် စီမံရေးရာ၊ ငွေစာရင်းနှင့် အခွန်စာရင်းစစ် ဆေးခြင်းဆိုင်ရာကိစ္စရပ်များ၊ အခွန်မူဝါဒနှင့် သုတေသနဆိုင်ရာကိစ္စရပ်များ၊ အခွန်ကောက်ခံမှု ဆိုင်ရာသတင်းအချက်အလက် ရှာဖွေစုဆောင်းခြင်းနှင့် နည်းပညာအသုံးပြုအခွန်ကောက်ခံသည့် စနစ်များကို ပို့ချပေး ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ သင်တန်းသူများအား ဆုများချီးမြှင့်ခဲ့ပြီး၊ သင်တန်းဆင်းအောင်လက် မှတ်များ ပေးအပ်ခဲ့သည်။ သင်တန်းအား ရက်သတ္တပတ် (၈) ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး၊ သင်တန်းသို့ ပြည်တွင်း အခွန်များဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၈၀) တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်