တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်-မောက်မကန်လမ်း AC ကတ္တရာခင်းခြင်းလုပ်ငန်းပြီးစီးမှု ဒုတိယဝန်ကြီး ဦးဝင်းဖေ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ်  ၂၄

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် မတ် ၂၄ ရက် နံနက်ပိုင်းက ထားဝယ်-မောက်မကန်လမ်း AC ကတ္တရာခင်းခြင်း လုပ်ငန်းပြီးစီးမှုနှင့် ထားဝယ်မြို့ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသူတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ထားဝယ်စာကြည့်တိုက် ဆောက်လုပ်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၁၁ မိုင်၂ ဖာလုံအရှည်ရှိ ထားဝယ်-မောက်မကန်လမ်း၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မိုင်(၁/၃နှင့်၄/၅)ကြား ၁ မိုင် ၄ ဖာလုံ  AC ကတ္တရာလမ်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန၊ ထားဝယ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ထားဝယ်-မောက်မကန်လမ်းသည်  ထားဝယ်နှင့် မောက်မကန်ကမ်းခြေသို့ဆက်သွားထားသောလမ်းဖြစ်၍ ပြည်သူများလွယ်ကူစွာ သွားလာနိုင်ရန်နှင့် ထားဝယ်(SEZ)သို့လည်း ထိုလမ်းမှတစ်ဆင့် ဆက်သွယ်သွားလာနိုင်သည့်အတွက် လိုအပ်သောလမ်းပိုင်းများကို ကုန်တင်ယာဉ်များ အသုံးပြုနိုင်သည့် လမ်းအဆင့်အထိ လျာထားဆောင်ရွက်ရန်တို့ကို မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ထားဝယ်စာကြည့်တိုက်သို့ သွားရောက်ရာ တာဝန်ခံအင်ဂျင်နီယာ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်ရန် ကျန်လုပ်ငန်းများကို စီမံချက်ရေးဆွဲ ဆောင်ရွက်ရန်၊ သတ်မှတ်ချိန်ပြီးစီးရေး၊ လက်ရာသေသပ် ကောင်းမွန်ရေးနှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အဆောက်အအုံ လွှဲပြောင်းရာတွင် စနစ်တကျ မှတ်တမ်းများဖြင့် လွှဲပြောင်းနိုင်ရေး  အလေးထားဆောင်ရွက်ရန် မှာကြားပြီး စာကြည့်တိုက်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

 

သတင်းစဉ်