တနင်္သာရီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် ငါးပုစွန် ထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး ကြိုးပမ်းအကောင်အထည်ဖော်

နေပြည်တော်      မတ်      ၂၄

 

“ပြည်တွင်းစားသုံးမှုအတွက် အသားငါးဖူလုံပိုလျှံရေး၊ ပို့ကုန်တိုးမြှင့်ရေးနှင့် ရေရှည်တည်တံ့သော ငါး ပုစွန် မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးအတွက် ဌာနပုဂ္ဂလိကနှင့် တောင်သူတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ရေနေသတ္တဝါဆိုင်ရာ သုတေသနများ၊ ငါး ပုစွန် မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ မျိုးမွေးမြူထိန်းသိမ်းခြင်းနှင့် မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများတွင်လည်း သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း” မတ် ၂၃ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပြင်ထပ်အော် ကျေးရွာရှိ မွေးမြူရေးသုတေသန ဦးစီးဌာန၏ သုတေသနစခန်း၌ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဆွေးနွေးပြောကြားခဲ့သည်။

 

အလားတူ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်၊ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၏ ရေပေါ်လှောင်အိမ်ဖြင့် မွေးမြူထားသည့် ကမာမွေးမြူထားရှိမှုနှင့် ကတ်တလူ ပုစွန်မွေးမြူရေးကန်များ၊ ပြည်ပပို့ကုန်အဖြစ် တင်ပို့ရန် ပုစွန်ထုပ်ပိုးနေမှုများကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက စံချိန်စံညွှန်းမီ အရည်အသွေးကောင်းပို့ကုန်များအဖြစ် နာမည်ရရှိပြီး ဈေးကွက်ချဲ့ထွင် နိုင်ရေး၊ လုပ်ငန်းရှင်များအကြား အပြန်အလှန်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ပိုမိုအားကောင်းသော မြန်မာ့ရေထွက်ကုန် အစုအဖွဲ့ကြီးအဖြစ် အောင်မြင်စွာ လုပ်ကိုင်နိုင်ရေး ဆွေးနွေးမှာကြားသည်။

 

မွန်းလွဲပိုင်းတွင် မြိတ်ခရိုင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန စည်းဝေးခန်မ၌ တိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် မြိတ်မြိုနယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများကို တွေ့ဆုံ၍ ဒုတိယဝန်ကြီးက “ဒေသ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖူလုံစွာ သုံးစွဲနိုင်ရေး၊ ဓတ်မြေဩဇာနှင့် သဘာဝမြေဩဇာဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် သီးနှံအလိုက် မြေဆီ အာဟာရလိုအပ်ချက်များ နည်းပညာများ ဖြန့်ဖြူးပေးရန်၊ ဆီအုန်းသီးနှံ စိုက်ပျိုး ထုတ်လုပ်ခြင်းအတွက် ဆီသီးခိုင် အရည်အသွေး မြင့်မားရေးနှင့် လေလွင့်မှု လျှော့ချနိုင်ရေး၊ အကောင်းဆုံး ဆီသီးခိုင်ခူးချိန်ဆိုင်ရာ နည်းပညာနှင့် အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် လက်တွေ့ဆန်ပြီး အမှန်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို လိုအပ်နေသူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးရန်၊ ရေလုပ်သားများ ဘေးကင်းလုံခြုံရေးနှင့် ရေရှည် အသက်မွေးဝမ်းကျောင်းအတွက် လုပ်ငန်းကျွမ်းကျင်မှု မြှင့်တင်ပေးသော သင်တန်းများ ဆောင်ရွက်ပေးရန်၊ နိုင်ငံ့ဝန်ထမ်းများ စိတ်ပိုင်း ရုပ်ပိုင်း ကျန်းမာစွာဖြင့် တာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့သည်။

သတင်းစဉ်