အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၂၁

 

အပြည်ပြည်ဆိုင်ရာသစ်တောများ နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ ရေဆင်းတွင်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ) ဦးထွန်းအုံ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

 

ဒုတိယဝန်ကြီးက ပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ကို  ကမ္ဘာနှင့်အဝန်း သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ကျယ်ကျယ်ပြန့် ပြန့်ဆောင်ရွက်ရန် ရည်ရွယ်လျက် ကုလသမဂ္ဂ သစ်တောဖိုရမ် (UNFF)က ၂၀၁၃ ခုနှစ်မှ စတင်ပြီး နှစ်စဉ် မတ် ၂၁ ရက်ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ "International Day of Forests" အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ သစ်တောများသည် လူသားများ၏ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော အစားအစာနှင့် ဆေးဝါးများ၊ သန့်ရှင်းသော သောက်သုံးရေများ ရရှိစေခြင်းတို့အပြင် လူသားများ၏ ကျန်းမာရေးကို မြှင့်တင်ပေးသည့် ယဉ်ကျေးမှုနှင့် အပန်းပြေမှုဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေပြီး လူသားတို့ နေ့စဉ်ရှုရှိုက်နေသည့် လေကိုလည်း သန့်စင်ရာတွင် အရေးပါသောအခန်းတွင် ပါဝင်လျက်ရှိကြောင်း။

 

သစ်တောပြုန်းတီးခြင်း၊ မြေယာအသုံးပြုမှု ပြောင်းလဲခြင်းတို့ကြောင့် ဂေဟစနစ်များ ယိုယွင်းပျက်စီးလာပြီး Zoonotic Diseases ဟုခေါ်သည့် တောရိုင်းတိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန်များမှတဆင့် ရောဂါပိုးမွှားများ ပျံ့ပွားရန် အလားအလာများ တိုးမြင့်လာခဲ့ပြီး အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်ရန်  သစ်တောများကို ကျန်းမာရေးချဉ်းကပ်မှု နည်းလမ်းတစ်ခု (One Health Approach)အဖြစ် ထည့်သွင်းစဉ်းစားပြီး ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ်များဖြစ်သည့် အပူချိန် အလွန်အမင်းမြင့်မားခြင်း၊ နိမ့်ကျခြင်း၊ မိုးရေချိန် အလွန်အမင်းများပြားခြင်း၊ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း အစရှိသည်တို့သည် သစ်တောများ ပြုန်းတီးမှုကြောင့်ဖြစ်ကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့်လည်း သစ်တောပြုန်းတီးမှုလျှော့ချရေးနှင့် သစ်တောများ ထာဝစဉ်တည်တံ့စေရေးတို့အတွက် ၂၀၂၁-၂၀၂၂ နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့တွင် သစ်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းခဲ့ခြင်းနှင့် သစ်တောများ အရှိန်အဟုန်ဖြင့် စိုက်ပျိုး၊ ထိန်းသိမ်းပြုစုခြင်း၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၇−၂၀၁၈ မှ ၂၀၂၆−၂၀၂၇)နှင့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ အထိ)ကို အကောင်အထည်ဖော်ခြင်း၊ အမြဲတမ်းသစ်တော နယ်မြေများကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းထိ တိုးချဲ့ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျက်ရှိခြင်း၊ နှစ်(၃၀) အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်းအရ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောဧရိယာဧက ၂ ဒသမ ၂၇ သန်းကို ဆောင်ရွက်လျက်ရှိခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းလုပ်ငန်း (REDD+) ကို နိုင်ငံအဆင့် အစီအစဉ်များ အကောင်အထည်ဖော်လျက်ရှိခြင်း အစရှိသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် ပိုစတာများအား လှည့်လည်ကြည့်ရှုရာ သက်ဆိုင်ရာလုပ်ငန်းဌာနနှင့် စီမံကိန်းများဆောင်ရွက်နေကြသည့် တာဝန်ခံများက ရှင်းလင်းတင်ပြကြသည်။

 

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (သတ္တုရေးရာ) ဦးမင်းသူ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ရေဆင်း အ.ထ.က မှ ကျောင်းသားကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။

 

သတင်းစဉ်