အမေဇုန်ကုမ္ပဏီက ဝန်ထမ်းအင်အား ၉၀၀၀ ထပ်မံလျှော့ချသွားမည်ဟုဆို

မတ် ၂၁

အမေရိကန်နည်းပညာကုမ္ပဏီကြီးဖြစ်သော အမေဇုန်ကုမ္ပဏီက ဝန်ထမ်းအင်အား ၉၀၀၀ ထပ်မံလျှော့ချသွားရန် စီစဉ်ထားကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

အမေဇုန်အမှုဆောင်အရာရှိချုပ် (စီအီးအို) အန်ဒီဂျက်စီက ဝန်ထမ်းအင်အားလျှော့ချခြင်းသည် cloud ဝန်ဆောင်မှုများ၊ ကြော်ငြာနှင့် Twitch အဖွဲ့များတွင် အများဆုံးသက်ရောက်မှုရှိနိုင်ကြောင်း ယမန်နေ့မနက်ပိုင်းက ဘလော့တစ်ခုတွင် ရေးသားထားသည်။

ပြီးခဲ့သည့်ဇန်နဝါရီလက ဝန်ထမ်းအင်အား ၁၈၀၀၀ လျှော့ချခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် ဝန်ထမ်းအင်အားထပ်မံလျှော့ချမည့်သတင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဝန်ထမ်အင်အားလျှော့ချမှုနှင့်ပတ်သက်ပြီး မည်သည့်ရာထူးများ လျှော့ချသွားမည်ကိုမူမဆုံးဖြတ်သေးကြောင်းနှင့် ဧပြီလနှောင်းပိုင်းတွင် ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်ကြောင်း စီအီးအိုက ပြောကြားသည်။

အမေဇုန်ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်းတွင် အလုပ်သမား ၁ ဒသမ ၅ သန်းခန့်ရှိသဖြင့် ကမ္ဘာပေါ်တွင် အလုပ်သမားအင်အားအများဆုံးရှိသော ကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို