ညောင်ဦးမြို့နယ်တွင် စပျစ်သီးစိုက်ပျိုး တောင်သူများ အောင်မြင်ဖြစ်ထွန်း၍ ထပ်မံစိုက်ပျိုးသူများလာ

ညောင်ဦး ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်အုပ်စုရှိ ကျေးရွာများတွင် စပျစ်သီးနှံ စမ်းသပ်စိုက်ပျိုးကြရာ အသီးသီးနှုန်းကောင်းမွန်နေခြင်းကြောင့် ဆွတ်ခူးရောင်းချချိန် ဈေးနှုန်း၊ ဈေးကွက်ကောင်းမွန်ဖို့သာ မျှော်လင့်နေကြောင်း သစ်ထောင့်တောင်ကျေးရွာ စပျစ်သီးနှံတစ်ဧကခွဲ စိုက်ပျိုးသည့် ဦးအေးကိုထံက သိရသည်။

စပျစ်သီးနှံသည် မြန်မာမျိုးရင်းစပျစ်မရှိဘဲ ပြည်ပနိုင်ငံမျိုးရင်းများသာရှိပြီး စပျစ်မျိုးပေါင်း (၄၀)ကျော်ရှိကြောင်း၊ ရေရှိသည့်ဒေသတိုင်း စပျစ်သီးနှံစိုက်ပျိုး၍ရကြောင်း သိရပြီး စမ်းသပ်စိုက်ပျိုးသည့် ဒေသများတွင် ရာသီဥတုဒဏ်ခံနိုင်သည့် အကြမ်းခံစပျစ်မျိုးများကိုသာ ဦးစားပေးစိုက်ပျိုးရန် မျိုးရွေးချယ်ပေးကြောင်း၊ စပျစ်စိုက်ပျိုးမှုကျွမ်းကျင်လာလျှင် ဈေးနှုန်းကောင်းမွန်သည့်မျိုးများ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးနည်းများမျှဝေပေကြောင်း မြန်မာနိုင်ငံအနှံ့အပြား စပျစ်စိုက်ပျိုးနည်း လက်တွေ့စိုက်ပျိုးနည်း မျှဝေပေးနေသည့် ရမည်းသင်းမြို့မှ ကိုမင်းဆက်ပိုင်က ရှင်းပြသည်။

“ကျွန်တော် စပျစ်သီးနှံ စတင်စိုက်ပျိုးဖို့အတွက် စတင်စိုက်ပျိုးရန် ရမည်းသင်းမှ စပျစ်စိုက်ပျိုးရေး လိုက်လံမျှဝေပေးနေတဲ့ ကိုမင်းဆက်ပိုင်နှင့် စတင်ဆက်သွယ်ကာ အီတလီ နံပါတ်(၃)စပျစ်မျိုးအား ပြာသိုလမှာ စတင်စိုက်ပျိုးခဲ့တယ်။ စတင်စိုက်ပျိုးချိန်မှာ တစ်ပင်ကို ငါးရာကျပ်ပေးဝယ်ရကာ စိုက်ခင်းအရောက် ခုနစ်ရာကျပ်ရှိတယ်”ဟု စိုက်ခင်းပိုင်ရှင် ဦးလှငွေက ပြောသည်။ 

ပျိုးပင်များအား တစ်ပင်နှင့်တစ်ပင် ခြောက်ပေအကွာ ကျင်းတူးစိုက်ပျိုးကြကြောင်း၊ စတင်စိုက်ပျိုးသည့်လမှ ဆယ်လအကြာတွင် စတင်အသီးသီးကြောင်း သိရပြီး ပထမဆုံးသီးသည့် အချိန်တွင် စပျစ်ပင်တစ်ပင်မှ စပျစ်သီး ငါးပိဿာခန့်သီးကြောင်း၊ သုံးနှစ်သားမှ ငါးနှစ်သားစပျစ်ပင်တစ်ပင်လျှင် စပျစ်သီး ဆယ့်ငါးပိဿာမှ ပိဿာနှစ်ဆယ်ထိသီးကြောင်း၊ စမ်းသပ်စိုက်ပျိုးသည့် စပျစ်ခင်းပိုင်ရှင်များ အသီးသီးအား ကောင်းမွန်ခြင်းကြောင့် ဈေးနှုန်းကောင်းရန်သာ မျှော်လင့်နေကြကြောင်း သိရသည်။

စပျက်သီးနှံပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်ကာ နှစ်နှစ်ဆယ်မှ နှစ်သုံးဆယ်ထိ သက်တမ်းကြာရှည်ပြီး တစ်သီးသီးပြီးတိုင်း စပျစ်ကိုင်း စပျစ်နွယ်များဖြတ်ပြီး ရောင်းချရကြောင်း၊ လေးလတစ်ကြိမ် အသီးဆွတ်ခူးရကာ အသီးသီးစတင်ရင့်ချိန် ရေနိုင်နိုင်သွင်းရပြီး အသီးရင့်မှည့်ချိန်တွင် စတင်ဆွတ်ခူး ရောင်းချမည်ဖြစ်ကြောင်း၊ စမ်းသပ်စိုက်ပျိုးမည့် စပျစ်စိုက်ပျိုးတောင်သူ (၁၀)ဦးခန့် စိုက်ပျိုးနေပြီး စပျက်သီးဈေးနှုန်း တစ်နေရာနှင့်တစ်နေရာ၊ တစ်မြို့နှင့်တစ်မြို့ စပျစ်သီးမျိုးအလိုက်လည်း ဈေးနှုန်းကွာခြားကြောင်း၊ လက်ပံခြေပေါ်အုပ်စု ကျေးရွာများနှင့် သစ်တောင်ကျေးရွာအုပ်စု ကျေးရွာများတွင် BlackQueen(BQ) စပျစ်မျိုးနှင့်အီ တလီနံပါတ်(၃) မျိုးနှစ်မျိုး စတင်စိုက်ပျိုးကြကာ စတင်စမ်းသပ်စိုက်ပျိုးသည့် နှစ်မှာပင် အသီးသီးနှုန်းကောင်းပြီး အောင်မြင်ဖြစ်ထွန်းနေခြင်းကြောင့် ဈေးကွက်ဈေးနှုန်းကောင်းရန်သာ မျှော်လင့်နေကြကြောင်း သိရသည်။

ဒီပါလင်း