နွေဦးကာလ မြူထသောအခါ

 

မောင်မောင်ဖြူ

 

ကိုအေးဆွေကမူ ဘာမျှမပြောချေ။ သူ့ကျောင်းလွယ်အိတ်ထဲမှ ပါလာသော စက္ကူဟောင်းများကို ထုတ်ကာ  အနာမှစီးကျနေသော သွေးများကို သုတ်ချနေသည်။

 

“ခက်တာပါပဲကွာ၊ ဒီအိမ်ဝိုင်းထဲက ခွေးတွေနဲ့တော့။ ခဏခဏ ဟိုလူ့ထွက်ဟောင်၊ ဒီလူ့ထွက်ကိုက်နဲ့။ အတော် ခွကျပါတယ်”

 

လူကြီးလည်း အိမ်ဝိုင်းတံခါးပေါက်စေ့၍ ပိတ်ထားသော တစ်ထပ်အိမ်ကလေးဘက်ဆီသို့ လှမ်းကြည့်လိုက်ရင်း ညည်းညည်းညူညူဖြင့် ပြောလိုက်သည်။

 

“ဒီအိမ်က လူတွေက မရှိဘူးလား ဦးလေးရဲ့” ဟု ခင်သန်းဌေးက မေးလိုက်သည်။

 

“မရှိကြဘူးကွယ့်၊ ဈေးထဲမှာ အထည်ဆိုင်ထွက်နေကြလို့ ခုတင်ကပဲ မိန်းမလုပ်တဲ့သူက သူ့ယောက်ျား ထမင်းပို့ဆိုပြီး ချိုင့်ဆွဲထွက်သွားလေရဲ့”

 

“ဪ ဟုတ်လား”

 

“ကဲ-ကဲ မောင်ရင်၊ ဦးတို့အိမ်ထဲမှာ ခဏဝင်ပြီး ပတ်တီးစည်းသွားဦးပေါ့။ တော်ကြာသွေးကျပြီး အနာ ပိုယဉ်းနေဦးမယ်”

 

သဘောကောင်း မနောကောင်းရှိဟန်တူသော လူကြီး၏ ဖိတ်ခေါ်ချက်ကြောင့် ကိုအေးဆွေနှင့် ခင်သန်းဌေးတို့သည် ကပ်လျက်ရှိသော လူကြီး၏ အိမ်ဝိုင်းထဲသို့ ဝင်ရောက်သွားကြလေသည်။

 

အိမ်ထဲသို့ရောက်လျှင် လူကြီးသည် ပတ်တီးစ၊ ဂွမ်းစများကိုယူလာသည်။ ခင်သန်းဌေးကလည်း အိမ်ရှင်လူကြီး၏ လက်ထဲမှ ပတ်တီးနှင့် ဂွမ်းစများကို ယူလိုက်ကာ စည်းပေးရန် ပြင်ဆင်နေသည်။ ခွေးကိုက်နာကိုကြည့်ပြီး ဒဏ်ရာမှာများနေကြောင်း ခင်သန်းဌေးက ရိပ်မိလာသည်။

 

ဒါနဲ့ ဦးလေး၊ ဝန်မလေးဘူးဆိုရင် မြင်းလှည်းတစ်စီးခေါ်ပေးဖို့ တစ်ဆိတ်ကူညီပါလားရှင်။ ဆေးရုံသွားပြီး ဆေးမထည့် ဘာမထည့်ဆိုရင် အနာက ယဉ်းချင်ယဉ်းသွားမှာ”

 

ခင်သန်းဌေးသည် မိမိကြောင့်ဖြစ်ရသော ကိုအေးဆွေ၏ ခွေးကိုက်နာကို ဆေးရုံသွားပြီး ဆေးထိုး၊ ဆေးထည့်မှသာလျှင် အနာမှာ မယဉ်းနိုင်တော့ဘဲ မြန်မြန်ပျောက်သွားနိုင်ပေမည်ဟု စဉ်းစားလာမိသည်။ နောက်ပြီး မိမိကြောင့် ဖြစ်ရသည်မို့လည်း မိမိက ဤသို့ပြန်လည်၍ ဂရုတစိုက် ပြုစုပေးရမည့် တာဝန်မှာ မိမိ၏တာဝန်သာဖြစ်သည်ဟု သဘောပေါက်လာမိသည်။

 

“ဝန်မလေးပါဘူးကွယ်၊ ခေါ်ချင်သပဆိုရင် ခေါ်ပေးရတာပ” ဟု ဆိုကာ လူကြီးသည် ပြောပြောဆိုဆို နှင့်ပင် ထွက်သွားတော့သည်။ ထိုနောက်တော့ ခင်သန်းဌေးသည် ကိုအေးဆွေ၏ ခွေးကိုက်ဒဏ်ရာမှ သွေးများ လောလောဆယ် တိတ်သွားစေရန် ပတ်တီးဖြင့် စည်းပေးနေသည်။

 

ကိုအေးဆွေမှာမူ ဒဏ်ရာက နာပင်နာငြားသော်လည်း အံကြိတ်ကာ မနာလေဟန် ဆောင်နေသည်။

 

တကယ်တော့ ကိုအေးဆွေသည် ခင်သန်းဌေး၏ ဖယောင်းတိုင်ချောင်းကလေးများပမာ လှပသော လက်ချောင်းကလေးများဖြင့် မိမိဒဏ်ရာအား ဂရုတစိုက်ကြင်နာယုယစွာ ပတ်တီးစည်းပေးနေသည်ကိုသာ အမှတ်ထင်ထင် ကြည့်မိနေရင်းက ရင်ထဲတွင် တလှိုက်လှိုက်ခုန်၍ ဖိုနေမိသည်။ စိတ်များလှုပ်ရှားနေသည်။ နောက်ပြီး ကရုဏာ ရောင်သန်းနေသော ခင်သန်းဌေး၏ မျက်လုံးဝိုင်းကြီးများဆီသို့လည်း မကြာမကြာ ခိုး၍ခိုး၍ ကြည့်နေမိလေသည်။

 

မကြာမီ လူကြီးသည် မြင်းလှည်းတစ်စီးဖြင့် ပြန်ရောက်လာသည်။ မြင်းလှည်းမှာ ခင်သန်းဌေးတို့ မြို့မရပ်ထဲမှ ကိုဘညိုမြင်းလှည်း ဖြစ်လေသည်။

 

ထိုနောက်တော့ ခင်သန်းဌေးတို့သည် လူကြီးအား ကျေးဇူးတင်ရှိပါကြောင်း လှိုက်လှိုက်လှဲလှဲ ပြောဆိုကြပြီး ဆေးရုံလည်း ပိတ်ချိန်နီးကပ်နေပြီဖြစ်သဖြင့် မြင်းလှည်းသမား ကိုဘညိုအား လောဆော်ပြီး ခပ်သုတ်သုတ် မောင်းထွက်လာကြလေသည်။

 

ခင်သန်းဌေးတို့ ဆေးရုံရောက်သောအခါ ဆေးရုံမှာပိတ်စပြုလေပြီ။ လူနာများပင်မရှိတော့ပေ။ ဆေးထိုးရန် စောင့်နေသော လူနာ တစ်ဦးစ၊ နှစ်ဦးစသာ ရှိတော့သည်။

 

ထိုကြောင့်လည်း ခင်သန်းဌေးနှင့် ကိုအေးဆွေတို့သည် ဆရာဝန်အခန်းထဲသို့ ခပ်လောလောပင် ဝင်သွားကြသည်။ ဆရာဝန်သည် သူ့အလုပ်စားပွဲမှ ထ၍ပင်နေချေပြီ။

 

“ဟဲ့ ခင်သန်းဌေးတို့ပါလား၊ ဘယ်သူဘာဖြစ် လို့လဲ”

 

ဆရာဝန်က မတ်တတ်ရပ်ရာမှ ပြန်ထိုင်ပြီး ခင်သန်းဌေးအား ရင်းရင်းနှီးနှီးဖြင့် ဆီးနှုတ်ဆက်လိုက်သည်။ နောက်ပြီး ခြေသလုံးပတ်တီးကြီးနှင့် ဖြစ်နေသော ကိုအေးဆွေဘက်သို့လည်း ကြည့်ရင်း အကဲခတ်လိုက်သည်။ ဆရာဝန်၏သမီး မြမြဝင်းမှာ ခင်သန်းဌေးတို့နှင့် တစ်တန်းတည်း ကျောင်းနေဖက် ဖြစ်သည်။ ခင်သန်းဌေးနှင့် မြမြဝင်းတို့သည် တစ်အိမ်နှင့် တစ်အိမ် ဝင်ထွက်သွားလာနေကြသည်ဖြစ်ရာ မိဘလုပ်သူများကပါ ခင်မင်နေကြသည်။

 

ကိုအေးဆွေမှာသာ တောသားလည်းဖြစ်၊ ယခုနှစ်မှ အလယ်တန်းကျောင်းမှ အထက်တန်းကျောင်း သို့ ၈ တန်း ကျောင်းသားအဖြစ်နှင့် ပြောင်းရွှေ့ ရောက်လာခြင်းဖြစ်၍လည်း မည်သည့်ကျောင်းသူ ကျောင်းသားနှင့်မှ ခင်မင်ရင်းနှီးမှု မရှိခဲ့သေးချေ။ ယောက်ျားလေးသူငယ်ချင်း သုံး၊ လေးယောက်နှင့် ခင်မင်ရုံသာ ရှိသေးသည်။

 

“ဟောဒါ ဌေးတို့သူငယ်ချင်း ကိုအေးဆွေလေ။ ဌေးအတွက်ကြောင့် ခွေးဝိုင်းအကိုက်ခံရလို့”

 

ခင်သန်းဌေးက ဖြစ်ပျက်ခဲ့ရသည့် အကြောင်းများကို ပြောပြသည်။

 

“ဟဲ့ နေစမ်းပါဦး၊ ခင်သန်းဌေးက အဲဒီဘက်ကို ဘာကိစ္စနဲ့ ရောက်သွားရတာလဲ”

 

ဆရာဝန်သည် သမီးပျိုရှင်တစ်ဦး၏ ဖခင်ပီပီကိုအေးဆွေဘက်သို့ပါ အမှတ်မထင်ကြည့်လိုက်ပြီး မသင်္ကာဟန်ဖြင့် မေးလိုက်သည်။

 

တကယ်ဆိုတော့လည်း ကိုအေးဆွေနှင့် ခင်သန်းဌေးတို့မှာ ၁၄၊ ၅၊ ၆ နှစ် မြီးကောင်ပေါက် အပျိုဖြန်း လူပျိုပေါက်စအရွယ်လေးများ ဖြစ်နေကြသည် မဟုတ်ပါလား။

 

“ဪ ကိစ္စလား” ဟု ဆိုကာ ခင်သန်းဌေးသည် ကိုအေးဆွေဘက်သို့ ဖျတ်ခနဲကြည့်လိုက်မိသည်။ ဆရာဝန်က မိမိနှင့် ကိုအေးဆွေတို့အား ကျောင်းမတက်ဘဲ သမီးရည်းစားအဖြစ်နှင့် တစ်နေရာတွင် ချိန်းတွေ့၍သာဖြစ်သည်ဟု ထင်မှတ်ကာ မေးလိုက်ခြင်းဖြစ်ကြောင်းကိုတော့ ခင်သန်းဌေးက တစ်မုဟုတ်ချင်း ရိပ်စားမိလိုက်သည်။ ထိုကြောင့်လည်း မိမိဘာကြောင့် ပြည်တော်သာမြောက် ကွက်သစ်ဘက်သို့ ရောက်သွားရခြင်း၏ အကြောင်းစုံကို ရှင်းပြလိုက်ရသည်။

 

“အန်ကယ်လည်း စမ်းစမ်းမြင့်ကို သိမှာပေါ့၊ သစ်တောဝန်ထောက်သမီးလေ”

 

“အေး သိပါတယ်ကွယ်”

 

“အဲဒီ စမ်းစမ်းမြင့် နေမကောင်းဘူးကြားတာနဲ့ ကျောင်းမတက်မီ စောစောလာပြီး သူတို့အိမ်ကို လူနာသွားမေးတာ။ သိပ်များနေမကောင်းဖြစ်နေ သလားလို့။ အဲဒါ သူတို့အိမ်ကပြန်လာပြီးတော့ ကျောင်းတက်သွားမလို့၊ အဲဟိုဘက်လမ်းကဖြတ်ပြီး ပြန်လာတာ၊ သွားနေကျလမ်း မဟုတ်တော့လည်း ဘယ်နားအိမ်က ခွေးကိုက်တတ်တယ်ဆိုတာ သတိမထားမိဘူးပေါ့။ အဲဒီလိုလာမိလို့ ဒီလိုဖြစ်ရတာ။ ကိုအေးဆွေသာ အချိန်မီ ရောက်မလာရင် ဌေးတော့ ...

ခင်သန်းဌေးသည် သူ၏ ကျောလေးတွန့်၍ ကြက်သီးမွေးညင်းလေးထကာ ကြောက်ရွံ့ဟန်လေး လုပ်ပြလိုက်လေသည်။

 

ထိုနောက်တော့ ဆရာဝန်သည် ကိုအေးဆွေ၏ ခွေးကိုက်ဒဏ်ရာကို သေချာစစ်ဆေးကြည့်ရှုပြီး ဆရာမတစ်ယောက်၏ အကူအညီဖြင့် ဆရာဝန်ကိုယ်တိုင်ပင် ဆေးထည့်ပြီး ပတ်တီးစည်းပေးခြင်း၊ ဆေးထိုးပေးခြင်းများ ပြုလုပ်ပေးလေသည်။

 

“အန်ကယ်၊ သူက လက်ပံပင်ကနေပြီး ဒီကို ကျောင်းလာတက်တာ။ ဌေးတို့ မြမြဝင်းတို့နဲ့ တစ်တန်းထဲလေ”

 

ဆေးထိုးပြီး၍ လက်ဆေးနေသော ဆရာဝန်အား ခင်သန်းဌေးက ပြောလိုက်သည်။

 

“ဪ သမီးတို့နဲ့ တစ်တန်းထဲကိုး”

 

ဆရာဝန်သည် လက်ဆေးပြီးပြီဖြစ်၍ လက်သုတ်နေရင်းမှ ကိုအေးဆွေကို ပြုံးကြည့်ရင်း ဆိုလိုက်၏။ သူ့အပြုံးတွင် ရင်းနှီးဖော်ရွေမှု ပါလာသည်။

 

ကိုအေးဆွေကမူ ဘာတစ်ခွန်းမျှ ဝင်မပြောပေ။ မိမိအကြောင်းများကို ရင်းရင်းနှီးနှီးဖြင့် ပြောပြနေသော ခင်သန်းဌေး၏ စကားများကို အသာနားထောင် နေသလို ဆရာဝန်အားလည်း ပြုံး၍ကြည့်နေ၏။

 

“ဒီတော့ အန်ကယ်၊ ကိုအေးဆွေရဲ့ အနာပျောက်သွားတဲ့အထိ ဘယ်လိုလုပ်ပြီး ဆေးထိုးဆေးထည့်ရမလဲ။ သူက လက်ပံပင်ရွာမှာ နေတယ်ဆိုတော့ နေ့တိုင်းလာဖို့ဆိုတာ မလွယ်ဘူးထင်တယ်အန်ကယ်”

 

ဆရာဝန်သည် လက်သုတ်ပဝါကို သူ့နေရာတွင် ပြန်ထားလိုက်ရင်း မျက်မှောင်ကြုတ်၍ အနည်းငယ် စဉ်းစားလိုက်သည်။ ပြီးမှ -

 

“ကောင်းပြီလေ၊ အနာအတွက် ထည့်ဖို့ဆေးရော၊ စားဖို့ဆေးရော တစ်ပတ်စာပေးလိုက်မယ်” ဟု ဆိုကာ သူ့စားပွဲသို့သွားပြီး စာရေးနေသည်။ ထိုနောက် ဆရာဝန်သည် ကိုအေးဆွေအား စာရွက်ကိုပေးရင်း ယခုစားဆေးနှစ်မျိုး၊ အနာထည့်ရန် ဆေးတစ်မျိုးနှင့် ပတ်တီး၊ ဂွမ်းစများပါ ပေးလိုက်မည်၊ စားဆေးကို တစ်နေ့ ဘယ်နှကြိမ် စားရမည်၊ တစ်ကြိမ်စားလျှင် ဘယ်နှလုံး စားရမည်၊ အနာကိုက်လျှင် ဘယ်ဆေးကို စားရမည်၊ အနာကို ဘယ်လိုဖန်ဆေး၍ ဘယ်လိုဆေးထည့်ရမည်၊ နောက်ဘယ်နှရက်နေ့တွင် လာရမည်စသည်ဖြင့် အသေးစိတ် ညွှန်ကြားပြီးနောက် ကွန်ပေါင်ဒါထံတွင် ဆေးများ၊ ပတ်တီး၊ ဂွမ်းစများ ထုတ်ယူသွားရန် ညွှန်ကြားလိုက်လေသည်။

 

“အန်ကယ်၊ ကိုအေးဆွေရဲ့အနာကို မြန်မြန် ပျောက်အောင် ကုပေးပါနော်။ သူ စာတွေ နောက်ကျမှာ စိုးလို့ပါ”

 

ယခုတော့ ခင်သန်းဌေးသည် ကိုအေးဆွေအပေါ်တွင် ကရုဏာ စေတနာတွေ ယိုဖိတ်စွာဖြင့် ပူပူပင်ပင် ပြောပြတောင်းပန်နေရှာသည်။

 

“ကိစ္စမရှိပါဘူးကွယ်၊ ပျောက်ပါတယ်။ ဆေးဝါးလည်း အပြည့်အစုံ ပေးလိုက်သားပဲ။ တစ်ပတ်ရှိရင်သာ အနာအခြေအနေကြည့်ရအောင် လှည်းကြုံ စီးပြီး လာခဲ့ပေါ့၊ ဟုတ်လား”

 

ဆရာဝန်သည် နှစ်လိုဖွယ်ရာ ပြုံးရယ်ရင်းက ကိုအေးဆွေဘက်သို့ပါ လှည့်ပြောလိုက်၏။

 

ထိုနောက်တော့ ခင်သန်းဌေးနှင့် ကိုအေးဆွေတို့သည် ဆေးပေးဌာနမှ ဆေးများနှင့် ပတ်တီး၊ ဂွမ်းစများကို သွားရောက်ထုတ်ယူပြီး ထွက်လာကြသည်။

 

ဆက်လက်ဖော်ပြပါမည်။