ဂျပန်နိုင်ငံအနောက်ဘက်ကမ်းလွန်တွင် ကုန်တင်သင်္ဘောနှစ်စင်းတိုက်မိ နှစ်ဦးပျောက်ဆုံးနေ

ဖေဖော်ဝါရီ ၃

ဂျပန်နိုင်ငံအနောက်ဘက်ကမ်းလွန် ဆီတိုကုန်းတွင်းပိုင်းတွင် ဂျပန်ကုန်တင်သင်္ဘောတစ်စီးသည် အခြားကုန်တင်ယာဉ် တစ်စင်းနှင့် တိုက်မိပြီး နစ်မြုပ်သွားခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။

ကုန်ပစ္စည်း ၇၁၆ တန်တင်ဆောင်လာသော ဆာယူကုန်တင်သင်္ဘောသည် ၄၉၉ တန်တင်ဆောင်လာသော ကိုအီမာရူသင်္ဘောနှင့် အီမီစီရင်စု အီမာဘာရီကမ်းလွန်တွင် ဒေသစံတော်ချိန် ၁၉ နာရီ ၃၀ မိနစ်ခန့်က တိုက်မိခြင်းဖြစ်သည်ဟု အီမာဘာရီကမ်းခြေစောင့်တပ်ဖွဲ့ရုံး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါဆာယူကုန်တင်သင်္ဘောပေါ်တွင် သင်္ဘောသားငါးဦးပါရှိကြောင်း ထိုသင်္ဘောသည် ဒေသစံတော်ချိန် ၂၁ နာရီမထိုးမီ နစ်မြုပ်သွားခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသင်္ဘောပေါ်ပါ သင်္ဘောသားသုံးဦးအား ကယ်တင်နိုင်ခဲ့ကြောင်းနှင့် အခြားနှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ကိုအီမာရူသင်္ဘောပေါ်ပါလေးဦးစလုံး ဘေးကင်းကြောင်း အတည်ပြုသတင်းထုတ်ပြန်ဖော်ပြထားသည်။

အီမာဘာရီကမ်းခြေစောင့်တပ်ဖွဲ့က ထိုမတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင် နေပြီး  အနီးနားရှိရေပြင်တွင် ပျောက်ဆုံးနေသူနှစ်ဦးအား ရှာဖွေနေသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို