ဘိုကလေးမြို့နယ်တွင် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားကျင်းပ

ဘိုကလေး ဖေဖော်ဝါရီ ၂

ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံရသည့် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တည်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ရဲမှူးမျိုးအောင်ထွန်းက ရေဝပ်ဒေသဆိုသည်မှာ ဒီရေကျချိန် (၆)မီတာထက် ပိုမနက်တဲ့ အဏ္ဏဝါရေပြင်များ အပါအဝင် ရေသေ(သို့မဟုတ်) စီးဆင်းနေသော ရေချို၊ ရေငန်၊ ရွှံ့နွံမြေ၊ သစ်ဆွေးမြေ၊ စိမ့်မြေနှင့် ရေပြင်ဧရိယာများကို ခေါ်ဆိုကြောင်း၊ ရေဝပ်ဒေသများတွင် ရေချိုရေငန်သတ္တဝါများ၊ နို့တိုက်သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ကုန်းနေရေနေသတ္တဝါများ၊ ငှက်မျိုးစုံတို့ နေထိုင်ကျက်စားကြကြောင်း၊ ဘိုကလေးမြို့နယ်၌ တည်ရှိသော ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံရသည့် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင်လည်း ဆောင်းခိုငှက်မျိုး စိတ်ပေါင်း (၄၆)မျိုး လာရောက် ခိုအောင်းလျက်ရှိသည့်အတွက် ရေဝပ်ဒေသများအား အားလုံးပူးပေါင်း ပါဝင်၍ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်သိန်းထွဋ်နှင့် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူး ဦးစိုင်းဝဏ္ဏကြည်တို့မှ ရမ်ဆာရေဝပ်ဒေသ မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေမှုများနှင့် ရေဝပ်ဒေသများအနေဖြင့် လူသားများအတွက် အကျိုးပြုနေပုံများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာနရိပ်သာတွင် “ရေဝပ်ဒေသများ တည်တံ့ဖို့ အခုချိန်ကစ ပြန်လည်တည်ထောင် ထိန်းသိမ်းစို့ ” ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အခမ်အနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ တာဝန်ရှိသူများ၊ ရေဝပ်ဒေသထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ကြသည်။

မိုးစက်(ဘိုကလေး)