အိန္ဒိယနိုင်ငံ၌ အထပ်မြင့်အဆောက်အအုံ မီးလောင်မှုဖြစ်ပွား၊ လူ ၁၄ ဦးထက်မနည်းသေဆုံး

ဖေဖော်ဝါရီ ၁

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဂျာခန်ပြည်နယ်တွင် ယမန်နေ့ညပိုင်းက အထပ်မြင့်အဆောက်အအုံအတွင်းမီးလောင်မှုဖြစ်ပွားသဖြင့် အမျိုးသမီး ၁၀ ဦးနှင့် ကလေးသုံးဦးအပါအဝင် လူ ၁၄ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ကဖုန်းဖြင့် အတည်ပြုပြောကြားသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားချိန်က ထိုအဆောက်အအုံတွင် မင်္ဂလာပွဲကျင်းပနေချိန်ဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထိုမီးလောင်မှုကြောင့် လူတစ်ဒါဇင်နီးပါး ဒဏ်ရာရသဖြင့် ဒဏ်ရာရသူများကို ဒေသန္တရဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းမီးလောင်မှုဖြစ်ပွားရာနေရာတွင် ပိတ်မိနေသူများရှိ၊ မရှိရှာဖွေမှုများလုပ်ဆောင်ခဲ့ကြောင်းနှင့် မီးသတ်သမားများနှင့် ကယ်ဆယ်ရေးအဖွဲ့များ လုပ်ဆောင်ပြီးဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောသည်။

ထိုဒေသတွင် ပြီးခဲ့သည့်လေးရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယခုမီးလောင်မှုဖြစ်ပွားခြင်းသည် ဒုတိယအကြိမ်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဇန်နဝါရီ ၂၈ရက်က ပုဂ္ဂလိကဆေးရုံတစ်ရုံအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လူ ငါးဦးသေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို