ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အိန္ဒိယနိုင်ငံ၊ ကာရိုင်ကယ်မြို့ (Karaikal) ၏ အရှေ့တောင်ဘက် ရေမိုင် (၂၂၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ

 

 

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ  ၁  ရက်မြန်မာစံတော်ချိန် (၀၇:၀၀) နာရီ ထုတ်ပြန်ချက်

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက  ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက် - အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီးမြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏  အနောက် - အနောက်တောင်ဘက် ရေမိုင် (၇၃၀) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun) ၏ အနောက် - အနောက်တောင်ဘက် ရေမိုင် (၈၄၀) မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Trincomalee) ၏ အရှေ့ - အရှေ့တောင်ဘက် ရေမိုင် (၈၀) မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကာရိုင်ကယ်မြို့ (Karaikal) ၏ အရှေ့တောင်ဘက် ရေမိုင် (၂၂၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ဖြစ်ထွန်းနေသည်။

ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

 

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေးပေမှ ခုနစ်ပေခန့် ရှိနိုင်သည်။

 

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်သည်။

 

နေပြည်တော်နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် အများအားဖြင့် သာယာမည်။

 

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

Credit>မိုးဇလ