မဒါဂတ်စကာနိုင်ငံ၌ အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၆ ဦးရှိ

ဇန်နဝါရီ ၂၇

 

မဒါဂတ်စကာနိုင်ငံတွင် ပြင်းထန်သောအပူပိုင်းမုန်တိုင်း ချန်အီဆို တိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ မြင့်တက်လာပြီး ၁၉ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာအမျိုးသားရုံး၏ ယမန်နေ့ကထုတ်ပြန်သော နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံးပေါင်း ၁၃၃၅၆ လုံး ရေလွှမ်းမိုးခံရပြီး အခြား ၅၀၀ ဖျက်ဆီးခံခဲ့ရကြောင်းနှင့် ဒေသ ၁၅ ခုတွင် လူပေါင်း ၅၅၄၂၁ ဦး ရေဘေးသင့်ခဲ့ရပြီး ၎င်းတို့အနက် ၂၅၆၇၈ ဦးသည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြသည်ဟု သိရသည်။

 

ထိုမုန်တိုင်းသည် အိန္ဒိယသမုဒ္ဒရာကျွန်းနိုင်ငံ၏ အရှေ့မြောက်ကမ်းရိုးတန်းကို ဇန်နဝါရီ ၁၉ ရက်က ရောက်ရှိပြီး အနောက်တောင်ပိုင်းသို့ ရွေ့လျားသွားကြောင်း ဖော်ပြထားသည်။

 

ယင်းမုန်တိုင်းသည် မဒါဂတ်စကာ အနောက်ဘက်ကမ်းရိုးတန်း၏ အနောက် ၁၇၅ ကီလိုမီတာတွင် ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းအထိ တည်ရှိနေသည်ဟု မုန်တိုင်သတင်းနောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

 

ထိုမုန်တိုင်းသည် တစ်နာရီ ခုနစ်ကီလိုမီတာနှုန်းဖြင့် အနောက်တောင်ဘက်သို့ နှေးကွေးစွာရွေ့လျားနေပြီး လာမည့်နှစ်ရက်အတွင်း ထိုကမ်းရိုးတန်းမှ ကီလိုမီတာ ၁၃၀ ကျော်ကိုရွေ့လျားသွားမည်ဖြစ်သည်။

 

နိုင်ငံ၏ အနောက်တောင်နှင့်တောင်ဘက်တို့တွင် အဝါရောင်သတိပေးချက်များဆက်လက်ထုတ်ပြန်ထားပြီး ၂၄ နာရီအတွင်း မိုးရေချိန် ၄၀ မီလီမီတာမှ ၈၀ မီလီမီတာအထိရှိမည်ဟု ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို