မူဝါဒမျှော်မှန်းချက်စီမံကိန်း  အောင်မြင်ရေးကြိုးပမ်း

မြန်မာနိုင်ငံ၏  နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ၊ မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်ရာတွင် ပြည်ပသွင်းကုန်လျှော့ချရေးနှင့် ပြည်တွင်းထုတ်ကုန် မြင့်မားရေးကို  အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ်  သတ်မှတ်အကောင်အထည်ဖော် လျက်ရှိသည်။ ပြည်ပသွင်းကုန်လျှော့ချရေး၌ အများပြည်သူသွားလာရေးတွင် မရှိ မဖြစ်လိုအပ်သော မော်တော်ယာဉ်နှင့်စက်သုံးဆီဆိုင်ရာလိုအပ်ချက်များမှာ နှစ်စဉ် မြင့်မားလျက်ရှိသဖြင့်  လျှော့ချရေးဆိုင်ရာမူဝါဒ၊  လုပ်ငန်းစဉ်များကို   မျှော်မှန်း ဆောင်ရွက်လျက်ရှိသည်။ 


မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စာရင်းအင်းအချက်အလက် မှတ်တမ်းများအရ မော်တော်ယာဉ်မျိုးစုံတစ်သန်းကျော်နှင့် မော်တော်ဆိုင်ကယ်မျိုးစုံ ခြောက်သန်း ကျော်ရှိနေရာ  အဆိုပါယာဉ်အမျိုးမျိုးအတွက် စက်သုံးဆီ ပြည်ပမှတင်သွင်းမှုမှာ တန်ချိန် ၄ ဒသမ ၁၂ သန်းကျော်ရှိပြီး    တန်ဖိုးအားဖြင့်    အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်းရှိခဲ့သည်။ နှစ်စဉ်လည်း စက်သုံးဆီလိုအပ်ချက် မြင့်တက် လျက်ရှိပြီး ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်မားလာမှုနှင့်အတူ မြန်မာနိုင်ငံ၏ စက်သုံး ဆီလိုအပ်ချက်လည်း မြင့်မားနေသဖြင့် စက်သုံးဆီချွေတာရေးနှင့် အစားထိုးအသုံး ပြုနိုင်ရေး နည်းလမ်းအမျိုးမျိုးတို့ကို စီစဉ်ဆောင်ရွက်နေသည်။


ကမ္ဘာပေါ်ရှိ နိုင်ငံအချို့တွင် လျှပ်စစ်သုံးယာဉ်များကို အဆင့်မြှင့်တင်ထုတ်လုပ် ပြီး အများပြည်သူတို့ အသုံးပြုနေကြပြီဖြစ်ရာ စက်သုံးဆီလိုအပ်ချက်ကို တစ်ဖက် တစ်လမ်းက အထောက်အကူပြုနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုနိုင်ရေးအတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)တွင် စက်သုံးဆီလျှော့ချ နိုင်သည့်နည်းလမ်းများကို ရှာဖွေဆောင်ရွက်ရန်လိုပြီး လျှပ်စစ်ဘတ်စ်ကားများနှင့် လျှပ်စစ်အိမ်သုံးယာဉ်များအသုံးပြုနိုင်ရေး   ရည်မှန်းဆောင်ရွက်ရန်  လမ်းညွှန် ထားသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခရီးတို မြို့တွင်းပြေးဆွဲသည့် လျှပ်စစ်မော်တော်ယာဉ်များထုတ်လုပ်နိုင်ရေး အားပေး ဆောင်ရွက်သွားရန် လမ်းညွှန်မှုပြုခဲ့သဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီကို ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင်လည်းကောင်း၊ လုပ်ငန်းကော်မတီ (၅) ရပ်ကို ၂၀၂၂   ခုနှစ်   ဇွန်လ ၇ ရက်နေ့တွင်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး မူဝါဒများချမှတ်ခြင်း၊ လျှပ်စစ်သုံးယာဉ် အသုံးပြုမှုအတွက်   အခွန်အခကင်းလွတ်ခွင့်များ၊   အမြတ်သက်သာခွင့်များ ဖော်ဆောင်ပေးခြင်း၊ လိုအပ်သည့် အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ အများသုံး Charging Station တည်ဆောက်ခြင်းတို့ကို အကောင် အထည်ဖော်လျက်ရှိသည်။


နိုင်ငံတော်မူဝါဒ မျှော်မှန်းချက်အတိုင်း  ပြည်တွင်း၌   လျှပ်စစ်သုံးယာဉ်များ တွင်ကျယ်စွာအသုံးပြုနိုင်ရေး ကနဦးရှေ့ပြေးစီမံကိန်း(Pilot Project)ကာလကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး လျှပ်စစ်သုံးယာဉ်ကဏ္ဍတွင် ဆောင်ရွက်လိုသည့်ကုမ္ပဏီများမှ တင်ပြသည့် အဆိုပြု လွှာများကို စိစစ်၍ လျှပ်စစ်သုံးယာဉ်များ တင်သွင်းနိုင်ရေး၊ ပြည်တွင်း၌ ထုတ်လုပ် နိုင်ရေး၊ အများသုံး Level-3 အဆင့် Charging Station များတည်ဆောက်နိုင်ရေး၊ After Sale Services လုပ်ငန်းများကို အာမခံစနစ်ဖြင့် ဆောင်ရွက်နိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခွင့်ပြုပေးလျက်ရှိရာ ဦးဆောင်ကော်မတီခွင့်ပြုချက်ဖြင့် မြန်မာ နိုင်ငံသို့ ပထမအကြိမ်အဖြစ် လျှပ်စစ်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခဲ့သည်။


ယခုရောက်ရှိလာသော လျှပ်စစ်ယာဉ်များသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် BYD အမျိုးအစား E2 Model ဖြစ်ပြီး လူစီးနှင့် အငှားယာဉ်အဖြစ် စမ်းသပ်ပြေးဆွဲ အသုံးပြုမည့် လျှပ်စစ်သုံးမော်တော်ယာဉ်များဖြစ်သည်။ အများပြည်သူအသုံးပြုနိုင်ရေးအတွက် လျှပ်စစ်သုံးအငှားယာဉ်များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် အခြေပြု၍ အငှားယာဉ် ၁၀ စီး၊ နေပြည်တော် သပြေကုန်းဈေးတွင် အခြေပြု၍ အငှားယာဉ် ၁၀ စီး စမ်းသပ်ပြေးဆွဲမည်ဖြစ်သည်။ စုစုပေါင်းတင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ်အစီး ၄၀ ကို ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ ခွင့်ပြု ထားသည့် လိုင်စင်ပါဖော်ပြချက်များနှင့်ကိုက်ညီမှု ရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက် ပေးခဲ့သည်။


သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ စက်သုံးဆီလိုအပ် ချက်မြင့်မားနေမှုကို လျှော့ချနိုင်မည့် လျှပ်စစ်မော်တော်ယာဉ်အသုံးပြုခြင်း ဆိုင်ရာ လုပ်ငန်းစီမံကိန်းများ  မြန်မာနိုင်ငံတွင် လက်တွေ့အောင်မြင်စွာအကောင်အထည် ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း။    ။

ကြေးမုံ