၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်သည် ယခုရာသီ MNL ပြိုင်ပွဲကို အသင်းအရေအတွက် ပြန်လည်တိုးမြင့်ထားပြီး အသင်းစုစုပေါင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့် YUSC ကွင်းတွင် နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်ဇယားကို မကြာမီထုတ်ပြန်မည်ဖြစ်သည်။ လာမည့်ရာသီ MNL ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအပါအဝင် ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ မြဝတီ၊ ဧရာဝတီယူနိုက်တက်၊ ရတနာပုံ၊ အား/ကာသိပ္ပံ၊ မဟာယူနိုက်တက်၊ GFA၊ ရခိုင်ယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်နှင့် ကချင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့်ရာသီတွင် ပြိုင်ပွဲဝင် ၁၀ သင်းသာရှိခဲ့သဖြင့် အသင်းအရေအတွက် ပြန်လည်တိုးမြင့်ခဲ့ရာ အောက်ဆုံးတွင် ရပ်တည်ခဲ့သည့် GFA အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းမှာ တန်းမဆင်းရဘဲ ဒဂုံစတားယူနိုက်တက်နှင့် ကချင်ယူနိုက်တက်အသင်းသာ တန်းတက်လာခြင်းဖြစ်သည်။ ပြိုင်ပွဲကို အောက်တိုဘာလကုန်အထိ ကျင်းပသွားမည်ဖြစ်သည်။

MNL အမှတ်ပေးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် ၁၄ ကြိမ်မြောက် ကျင်းပမည်ဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် ၁၃ ကြိမ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ငါးကြိမ်၊ ရတနာပုံနှင့် ရှမ်းယူနိုက်တက်အသင်းက လေးကြိမ်စီ ဗိုလ်စွဲထားသည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် နောက်ဆုံး သုံးရာသီဆက် ဗိုလ်စွဲထားပြီး ၂၀၁၉ နှင့် ၂၀၂၂ ရာသီတွင် တစ်ရာသီလုံးရှုံးပွဲမရှိဘဲ ချန်ပီယံဆုရထားခြင်းဖြစ်သည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-သော်ကြီး