ခြိုးခြံချွေတာ အမျိုးသားအကျိုးစီးပွားတိုးတက်

 

 

နိုင်ငံတိုင်းနိုင်ငံတိုင်းသည် အမျိုးသားအကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက် ကြသည်။ အမျိုးသား အကျိုးစီးပွားတိုးတက်မှသာ နိုင်ငံသားအားလုံး အကျိုးစီးပွား ဖြစ်ထွန်းမည်။ အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် နိုင်ငံသားအားလုံးက ကိုယ်စီအသိစိတ်ဓာတ်ဖြင့်   ပါဝင်ဆောင်ရွက်ကြမှသာ    အောင်မြင်မည်။    မိမိတို့ အကျိုးစီးပွားအတွက်သာ ရှေးရှုနေမည်ဆိုပါက အခက်အခဲများကို မကျော်လွှားနိုင်ဘဲ  တဝဲလည်လည်ဖြစ်နေမည်။  နိုင်ငံသားအားလုံး  ပါဝင်ဆောင်ရွက်ခြင်းသည် အမျိုးသားအကျိုးစီးပွားဖြစ်သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့်  ပြည်ပပို့ကုန်  တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊  ပြည်ပ သွင်းကုန်လျှော့ချနိုင်ရေး  တစိုက်မတ်မတ်  ဆောင်ရွက်နေခြင်းသည်  အမျိုးသားအကျိုးစီးပွားအတွက်ဖြစ်သည်။ နိုင်ငံကြီးပွားတိုးတက်လျှင် တစ်မျိုးသားလုံးလည်း တိုးတက်လာမည်။ နိုင်ငံတိုးတက်ရေး၊ ပြည်သူများလူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို  ဆောင်ရွက်နေသလို လူတိုင်းအသုံးပြုနေသည့် စားသုံးကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများကို တတ်နိုင်သမျှ ချွေတာသုံးစွဲကြရန် လိုအပ်ပေသည်။ ဆီစားသုံးမှု၊ ရေသုံးစွဲမှု၊ လျှပ်စစ်သုံးစွဲမှု၊ စက်သုံးဆီသုံးစွဲမှု ချွေတာ ရေးလုပ်ဆောင်သည်မှာ ပြည်သူတစ်ဦးချင်းစီ၏ ဘဝကောင်းကျိုး၊ တိုင်းပြည်၏ အနာဂတ်ကောင်းကျိုး အတွက်ဖြစ်သည်။

 

ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သွင်းအားစု၊ အရင်းအနှီး၊ နည်းပညာနှင့် လူသား အရင်းအမြစ်ကောင်းများ လိုအပ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာအခက် အခဲ၊ လျှပ်စစ်စွမ်းအားအခက်အခဲများကို နည်းလမ်းအမျိုးမျိုးဖြင့် ကျော်လွှားနိုင်မည် ဖြစ်သော်လည်း စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကို မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ ရင်ဆိုင်ကြုံတွေ့လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ယာဉ်အမျိုးမျိုးနှင့် စက်အမျိုးမျိုးတို့ နှစ်စဉ်တိုးတက်လျက်ရှိပြီး ၎င်းတို့ အတွက် စွမ်းအင်လောင်စာလိုအပ်ချက်များလည်း မြင့်မားလာသည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စာရင်းအင်းအချက်အလက် မှတ်တမ်းများအရ မော်တော်ယာဉ်မျိုးစုံ တစ်သန်းကျော်နှင့် မော်တော်ဆိုင်ကယ်မျိုးစုံ ခြောက်သန်းကျော်ရှိသည်။ အဆိုပါယာဉ်အမျိုးမျိုးအတွက် စက်သုံးဆီ ပြည်ပမှ တင်သွင်းမှုသည် တန်ချိန် ၄ ဒသမ ၁၂ သန်းကျော်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်း ရှိခဲ့သည်။ နှစ်စဉ်လည်း စက်သုံးဆီလိုအပ်ချက် မြင့်တက်လျက်ရှိ သည်။ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းမြင့်မားလာမှုနှင့်အတူ မြန်မာနိုင်ငံ၏ စက်သုံးဆီ လိုအပ်ချက်လည်း မြင့်မားလာလျက်ရှိသဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း၊ နိုင်ငံ ခြားငွေတန်ဖိုး အတက်ဘက်တွင်ရှိနေသည်မှာ ကြောင်းကျိုးဆီလျော်ပေသည်။

 

စက်သုံးဆီဈေးနှုန်းမြင့်မားခြင်း၊ လိုအပ်ချက်မြင့်မားခြင်းသည် မြန်မာနိုင်ငံတွင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်အသုံးပြုခြင်းထက် ကိုယ်ပိုင်မော်တော် ယာဉ်အသုံးပြုမှု ပိုမိုများသည်ကို တွေ့ရသည်။ ကိုယ်ပိုင်ယာဉ်အသုံးပြုမှုကို လိုအပ်မှ သာ အသုံးပြုပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် ဝန်ဆောင်မှု မြှင့်တင် ပေးပြီး အသုံးပြုကြမည်ဆိုလျှင် စက်သုံးဆီ နှစ်စဉ်လိုအပ်ချက် လျော့ကျလာမည်ဖြစ်သည်။ မော်တော်ဆိုင်ကယ် အသုံးပြုသူတိုင်း၊ ကိုယ်ပိုင်ယာဉ်သုံးစွဲသူတိုင်းသည် တစ်ရက်လျှင် တစ်လီတာဝက်ခန့် လျှော့ချသုံးစွဲမည်ဆိုပါက နေ့စဉ်ဂါလန်တစ်သိန်းကျော် သက်သာမည်ဖြစ်သည်။ နေ့စဉ် ကျပ်ငွေ တစ်ဘီလီယံကျော် လျှော့ချနိုင်မည် ဖြစ်သည်။ ယာဉ်အသုံးပြုသူများအနေဖြင့် တစ်ပတ်လျှင်တစ်ရက် အသုံးမပြုဘဲ နေမည်ဆိုပါက စက်သုံးဆီ ချွေတာရာလည်း ရောက်ပြီး ကုန်ကျငွေလည်းသက်သာ မည်ဖြစ်သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ စက်သုံးဆီချွေတာသုံးစွဲရေးကို နှိုးဆော်အသိပေးလျက်ရှိပြီး စက်သုံးဆီ ပြတ်တောက်မှုမဖြစ်စေရေး၊ သတ်မှတ်ဈေးနှုန်းများဖြင့် သင့်တင့်စွာ  ဝယ်ယူသုံးစွဲနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိ သည်။ ပြည်သူများအနေဖြင့်လည်း အထက်ပါ စက်သုံးဆီလျှော့ချရေးအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် မိမိအကျိုး၊ နိုင်ငံ့အကျိုးကို ရှေးရှုရမည်ဖြစ်သည်။ ဖြစ်နိုင်သမျှ လမ်းလျှောက်ခြင်း၊ တတ်နိုင်သမျှ အများပြည်သူသုံး ယာဉ်များကို အသုံးပြုခြင်း၊ ရနိုင်သမျှ စက်ဘီးအသုံးပြုခြင်း၊ မလိုအပ်ဘဲ ခရီးမသွားခြင်းတို့ကို အသိစိတ်ဓာတ်ဖြင့် ကိုယ်စီကိုယ်စီ ပါဝင်ဆောင်ရွက်ကြပါက စက်သုံးဆီလိုအပ်ချက် လျော့ကျလာပြီး ကုန်သွယ်မှု ပိုငွေတက်လာမည်ဖြစ်သည်။

 

လူတစ်ဦးချင်းစီ၏ ကြီးပွားချမ်းသာခြင်း အကြောင်းအချက်များတွင် ခြိုးခြံ ချွေတာခြင်းသည် အရေးပါသည့် အချက်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ ကြီးပွားချမ်းသာခြင်း အကြောင်းသည် ကုန်သွယ်မှုပိုငွေ များပြားလာခြင်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံ ကြီးပွားတိုးတက်မှ ပြည်သူများ၏ဘဝများလည်း မြင့်မားတိုးတက်လာမည်ဖြစ်၍ နိုင်ငံအကျိုး၊ ပြည်သူအကျိုး အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းတိုးတက်လာအောင် ခြိုးခြံချွေတာရေးတွင် ကိုယ်စီပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။

 

ကြေးမုံ