နိုင်ငံတော်၏မူဝါဒများ အောင်မြင်ရေးကြိုးပမ်း

နိုင်ငံတစ်နိုင်ငံ   ဖွံ့ဖြိုးတိုးတက်ရန်အတွက်  တရားဥပဒေစိုးမိုးမှုနှင့်  ဥပဒေ စည်းကမ်းများနှင့်အညီ စီးပွားလုပ်ကိုင်ဆောင်ရွက်မှုသည် အရေးကြီးသည်။ ဥပဒေ စည်းကမ်းများကို လိုက်နာမှုမရှိဘဲ တရားမဝင်နည်းလမ်းများဖြင့် စီးပွားလုပ်ကိုင် ဆောင်ရွက်ပါက    နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို     နှောင့်နှေးစေမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတိုင်းတွင် ပြည်သူများသည် ဥပဒေစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြသည်ကိုတွေ့ရသည်။

“နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ဖော်ဆောင်ရာတွင် Rule of Law ‘တရားဥပဒေစိုးမိုးရေး’  သည်  မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးပြီး လုံခြုံမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း”  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားမဝင်ကုန်သွယ်မှု ကို နှစ်စဉ်တိုက်ဖျက်ဆောင်ရွက်နေသော်လည်း တရားမဝင်နည်းလမ်းအမျိုးမျိုးဖြင့် စီးပွားရေးလုပ်ဆောင်မှုနှင့်မသမာမှုများရှိနေသည်ဟုသိရသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိမှု အမှုတွဲစုစုပေါင်း ၄၂၃၂ မှုရှိပြီး ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅ ဒသမ ၀၅၆ ဘီလီယံရှိသည်ကို တွေ့ရသည်။ ယခင်နှစ် ၂၀၂၁ ခုနှစ် ကာလတူတစ်နှစ်အတွင်း ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၂၄၀၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၈ ဒသမ ၄၅၉ ဘီလီယံရှိသဖြင့် အမှုတွဲ နှစ်ဆနီးပါးနှင့် ခန့်မှန်းတန်ဖိုးငွေ ရှစ်ဆခန့်  ပိုမိုဖမ်းဆီး ရမိခဲ့သည်ကို တွေ့ရသည်။

တရားမဝင်ကုန်သွယ်မှုသည်   ယခင်နှစ်ကထက်   ပိုမိုများပြားလာသလို ပိုမိုဖမ်းဆီးနိုင်ခဲ့သည်ကိုလည်း တွေ့ရသည်။ ကုန်သွယ်ရေးဦးစီးဌာန၏ ထုတ်ပြန် ခဲ့သည့် ပို့ကုန်သွင်းကုန်သတင်းလွှာ(၁၀/၂၀၂၂)အရ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ် မှုများဆောင်ရွက်ရာတွင် တင်သွင်းရမည့်ကုန်စည်များကို ပို့ကုန်မှရရှိသည့်ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်မှုများအပေါ်အခြေခံပြီး တင်သွင်းခွင့်ပြုသည့် အစီအစဉ်ကြောင့်   မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းတွင်    ဒီဇင်ဘာလအတွင်း သွင်းကုန်လိုင်စင်လျှောက်ထားမှု သိသိသာသာကျဆင်းသွားသော်လည်း မြဝတီမြို့ သို့ တစ်ဖက်နိုင်ငံ  ချစ်ကြည်ရေးတံတားမှ  ဝင်ရောက်နေသည့် ကုန်တင်ယာဉ်အရေ အတွက်မှာ သိသိသာသာကျဆင်းသွားခြင်းမရှိသဖြင့် တရားမဝင်နည်းလမ်းများဖြင့် ကုန်သွယ်နေကြောင်း ထင်ရှားပေသည်။

ထို့ကြောင့်  စီးပွားရေးဦးတည်ချက်များကို   နိုင်ငံတော်၏မူဝါဒများနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတွင် အဟန့်အတားဖြစ်စေ သည့် တရားမဝင်ကုန်သွယ်မှုများ  ပိုမိုလျော့နည်းကျဆင်းသွားအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရန်အတွက် အရေးကြီးသည့် တရားမဝင်ကုန်သွယ်မှုကိုတိုက်ဖျက် ရာတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ လမ်းညွှန် မှာကြားချက်များအတိုင်း ထိရောက်စွာဆောင်ရွက်ကြရမည်ဖြစ်သည်။ အခကြေး ငွေရယူပြီး လက်ခံဆောင်ရွက်ပေးနေသည့်   တရားမဝင်ဂိတ်များကို    လျှော့ချ ဖျက်သိမ်းရန်၊ လိုအပ်ပါက တရားဝင်  ဝင်/ထွက် ဂိတ်ပေါက်များကို ပိုမိုတိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ရန်၊ တရားဝင်နယ်စပ်ကုန်သွယ်မှုများကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးရန်၊ အခြားတစ်ဖက်တွင် တရားမဝင် ဝင်/ထွက်ပေါက်များ အသုံးပြု ရှောင်ကွင်းမှုများကို ထိရောက်စွာတားဆီးစစ်ဆေးပြီး ပြတ်ပြတ်သားသားအရေး ယူရန် ဆောင်ရွက်နိုင်ရေးတို့ကို ပြုလုပ်ကြရမည်ဖြစ်သည်။

တရားမဝင်ကုန်သွယ်မှုများကို တားဆီးစစ်ဆေးရာတွင် တရားမဝင်လူသုံးကုန် ပစ္စည်းများအပါအဝင် လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများကိုပါ  ဖမ်းဆီးရမိ လျက်ရှိသဖြင့် လုံခြုံရေးသတိဖြင့် ထိရောက်စွာတားဆီး ကာကွယ်တိုက်ဖျက်ရမည် ဖြစ်သည်။ အထူးသဖြင့် နိုင်ငံအတွင်းသို့တင်သွင်းလာသော မူးယစ်ဆေးဝါးများသည် ယခင်ကကဲ့သို့ WY  ဆေးပြားများအသွင်မဟုတ်တော့ဘဲ  မူးယစ်ဆေးဝါးများကို အစားအသောက်ပုံစံဖြင့် ပြောင်းလဲထုတ်လုပ်လာသဖြင့် တရားဝင်စားသောက်ကုန် များကိုပါ သတိပြုစစ်ဆေးရမည့်အခြေအနေဖြစ်သည်။ မသမာသူများသည် လူငယ် လူရွယ်များသာမက ကလေးသူငယ်များကိုပါ အန္တရာယ်ဖြစ်စေနိုင်သည့် ရောင်းဝယ် ဖောက်ကားမှုများနှင့်ပတ်သက်၍   သက်ဆိုင်ရာတာဝန်ရှိသူများသာမက     မိဘ ပြည်သူများကပါ သတိမူဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်၏ ဦးတည်ချက်များနှင့်မူဝါဒများ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးကို အဟန့်အတားဖြစ်စေသည့် တရားမဝင်ကုန်သွယ် မှုများ လျော့နည်းကျဆင်းလာစေရေးအတွက် အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ရိုးသားကြိုးစားဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။  ။

ကြေးမုံ