အနယ်နယ်အရပ်ရပ်မှ ထွက်ရှိလာသည့် ကုန်စိမ်းသီးနှံများ မန္တလေးဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ် ကောင်းနေ

 

မန္တလေး ဒီဇင်ဘာ ၂၅

 

မန္တလေးမြို့ အောင်မြေသာစံခရိုင်ရှိ သီရိမာလာ ကုန်စိမ်းလက်ကားဈေးအတွင်းသို့ အနယ်နယ်အရပ်ရပ်မှ ထွက်ရှိလာသည့် ကုန်စိမ်းသီးနှံများ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ်များ ကောင်းမွန်နေကြောင်း အဆိုပါ ဈေးအတွင်းရှိ ကုန်စိမ်းပွဲရုံများထံမှ သိရသည်။

 

လက်ရှိအချိန်တွင် အနယ်နယ်အရပ်ရပ်မှ လှိုင်လှိုင်ထွက်ရှိလာသည့် ကုန်စိမ်းသီးနှံများ မန္တလေးမြို့ သီရိမာလာ ကုန်စိမ်းဈေးသို့ တစ်ရက်လျင် ကားအစီးရေ ၃၀ မှ ၄၀ အထိ ပုံမှန်ဝင်ရောက်လျက်ရှိသည်။ ဝင်ရောက်လာသည့် ကုန်စိမ်းသီးနှံများအားလုံး၏ ဈေးနှုန်းများမှာ ပြီးခဲ့သည့်လများကထက် ပိုမိုကောင်းမွန်ကာ ဈေးကွက်အတွင်း၌ အရောင်းအဝယ် ကောင်းနေခြင်းကြောင့် စိုက်ပျိုးသူတောင်သူများ အဆင်ပြေလျက်ရှိကြောင်း မန္တလေးမြို့မှ အောင်ပွဲရုံပိုင်ရှင် ဦးအောင်မိုးနိုင်က ပြောသည်။

 

"ကုန်စိမ်းသီးနှံတွေအားလုံးက ခုချိန်မှာ နယ်စုံဒေသစုံကထွက်ပြီး ဈေးကွက်ကို လှိုင်လှိုင် ဝင်ရောက်လာတဲ့အတွက် ဈေးကတော့ အရောင်းအဝယ် ကောင်းနေပါတယ်။ ခုချိန်မှာ ဈေးကွက်ကို အပြိုင်ဝင်ရောက်လာပါတယ်။ ခရမ်းချဉ်သီးက လက်ရှိမှာ ၁၈ ပိဿာဝင် သေတ္တာတစ်လုံးကို ၃၂၀၀၀ က နေ ၃၇၀၀၀ ဈေးထိရှိနေတယ်။ ဂေါ်ဖီထုပ်လဲ ၇၀၀၊ ၁၀၀၀ ကျပ်၊ ပန်းမုံလာ ဈေးနှုန်းက ၆၀၀၊ ၇၀၀ ကျပ်၊ ကြက်ဟင်းခါးသီးတစ်ပိဿာ ၁၃၀၀၊ ၁၄၀၀ ကျပ်၊ ခရမ်းသီး ၆၀၀၊ ၇၀၀ကျပ်၊ မုံညင်းဖြူက ၆၀၀၀ မှ ၇၀၀၀ ကျပ် ဈေးအထိရှိပြီး အာလူးတစ်ပိဿာ ၂၀၀၀၊ ၂၂၀၀ ကျပ်၊ ကျန်တဲ့ သီးနှံတွေလည်း သူဈေးနဲ့သူ ပုံမှန်အတိုင်းပဲ ရောင်းချနေပါတယ်" ဟု ၎င်းကပြောသည်။

 

လက်ရှိအချိန်တွင် မန္တလေး သီရိမာလာကုန်စိမ်းဈေးသို့ နယ်စုံဒေသစုံများမှ ခရမ်းချဉ်သီး၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ မုံညင်းဖြူ၊ ခါကြက်ဥ၊ အာလူး၊ ပန်းဂေါ်ဖီ၊ ဗိုလ်စားပဲ စသဖြင့် ကုန်စိမ်းသီးနှံများ နေ့စဉ်ကားအစီးရေအလိုက် ပုံမှန်ဝင်ရောက်လျက်ရှိနေကြောင်းနှင့် အဆိုပါ ကုန်စိမ်းဈေးကို ပုံမှန်အတိုင်း နံနက် ၄ နာရီမှ ည ၈ နာရီအထိ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ကာ ဈေးဝယ်သူပြည်သူများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မောင်အေးချမ်း