ပြည်သူ့အကျိုးစီးပွားဖျက်ဆီးမှုများ ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်

 

ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝများအတွက် အရေးကြီးသော အခြေခံလိုအပ်ချက်များမှာ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်။ အဆိုပါအခြေခံလိုအပ်ချက်များကို နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ NUG နှင့် လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့များသည် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားပေး ရေးလုပ်ငန်းများကိုနှောင့်ယှက်ဖျက်ဆီး နေသောကြောင့် ပြည်သူများ၏ နေ့စဉ်လူမှု စီးပွားဘဝများ၌ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ပြည်သူလူထုအတွက် အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားများကို လုံလောက်ပြည့်မီ စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ မဟာ ဓာတ်အားလိုင်းများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလိုင်းများအား ပြုပြင်ထိန်းသိမ်း ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို နေ့မအား၊ ညမနား ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် နိုင်ငံတော်၏ ရန်ပုံငွေဖြစ်သည့် လျှပ်စစ်ဓာတ်အားခများ ပြန်လည်ရရှိရေး အတွက် ကောက်ခံပေးလျက်ရှိသည်။ ရရှိလာသောပြည်သူ့ဘဏ္ဍာငွေများဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရေး လုပ်ငန်းများ နေ့စဉ်နှင့်အမျှ စဉ်ဆက်မပြတ် လည်ပတ်နေစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ နိုင်ငံတော်နှင့်ပြည်သူအကျိုးအတွက် ဆောင်ရွက်နေမှုများအား NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက အများပြည်သူအတွက် ဖြည့်ဆည်းပေးလျက်ရှိသည့် နိုင်ငံတော်၏ အခြေခံ အဆောက်အအုံများအား ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှုများပြုလုပ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အကြမ်းဖက်သောင်းကျန်း သူများက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံတိုက်ခိုက် ပစ်ခတ်မှု ၂၄ ကြိမ်၊ လျှပ်စစ်ဓာတ်အားပေးရေးစက်ရုံ၊ ခွဲရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများအား ဝင်ရောက်ဖောက်ခွဲ ဖျက်ဆီးပစ်ခတ်မှု ၂၀၉ ကြိမ်အပြင် အများပြည်သူတို့အား ဖြန့်ဖြူးပေးလျက်ရှိသည့် လျှပ်စစ် ဓာတ်အားလိုင်းများကို မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။

 

ပြည်သူများအား လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးလျက်ရှိသည့် မဟာဓာတ်အား လိုင်းတာဝါတိုင် ၄၈ တိုင်နှင့် ဖြန့်ဖြူးရေးလိုင်း ၄၉ တိုင်တို့ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြသဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်အား ၁၆၀ မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့သည်။ အချို့သောနေရာများတွင် ပြုပြင်ဆောင်ရွက်ရန် အခက်အခဲများရှိပြီး ချက်ချင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိသဖြင့် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိခြင်းမရှိဘဲ အခက်အခဲများဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်သမား များလက်ချက်ကြောင့် ပျက်စီးမှုများကို အကြိမ်ကြိမ်ပြုပြင်ဆောင်ရွက်နေစဉ် အတွင်း၌လည်း ထပ်မံနှောင့်ယှက်တိုက်ခိုက် ဖျက်ဆီးမှုများရှိသဖြင့် အခြေခံ အဆောက်အအုံများ ပျက်စီးခြင်း၊ နိုင်ငံ့ဝန်ထမ်း ၁၉ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၅၆ ဦး ထိခိုက်ဒဏ်ရာရခြင်းများရှိခဲ့သည်။

 

ပြီးခဲ့သည့်ရက်ပိုင်း နိုဝင်ဘာလ ၂၉ ရက်နေ့က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လျှပ်စစ်ရုံး၌ နိုင်ငံ့တာဝန် ထမ်းဆောင်လျက်ရှိသော မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတစ်ဦးအား အကြမ်းဖက်သမားများက လုပ်ကြံပစ်ခတ်ခဲ့သဖြင့် အသက်သေဆုံးခဲ့သည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ၂၃၀ ကေဗွီ ညောင်ပင်ကြီး-ချောင်းကူး မဟာဓာတ်အားလိုင်းကို အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် နိုင်ငံအတွင်း မြို့ ၁၃ မြို့ ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည်။ ထိုနေ့တွင်ပင် အကြမ်းဖက်သမားများက မကွေးတိုင်းဒေသကြီး ကျွန်းချောင်းရှိ ၂၀ ဒသမ ၅၄ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးအင်ဂျင်စက်ရုံမှ ဝန်ထမ်းများအား ခြိမ်းခြောက်၍ ငွေတောင်းခံခဲ့ပြီး ငွေမပေးပါက အသက်အန္တရာယ်ပါ ခြိမ်းခြောက်လာခဲ့ရာ နိုင်ငံခြားသားဝန်ထမ်းများ လုပ်ငန်းခွင်မှထွက်ခွာသွားသဖြင့် ဓာတ်အားပေးရေးစက်ရုံ ရပ်တန့်သွားခဲ့ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်း သွားသည့်ဖြစ်စဉ် ဖြစ်လာခဲ့သည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်သမားများက မည်သို့ပင် အကြိမ်ကြိမ် နှောင့်ယှက် ဖျက်ဆီးနေသော်လည်း အများပြည်သူ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် သက်ဆိုင်ရာနယ်မြေရှိ လုံခြုံရေးတပ်ဖွဲ့များနှင့် လက်တွဲပူးပေါင်းကာ အကြိမ်ကြိမ်ပြန်လည်ပြုပြင် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူများအနေ ဖြင့် လျှပ်စစ်ဓာတ်အားပေးရေးနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသောအခြေအနေများကို သိရှိနားလည်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနေသည့် အကြမ်းဖက်အဖျက်သမားများအား ဆန့်ကျင်ရှုတ်ချကာ နိုင်ငံတော်နှင့် လက်တွဲပူးပေါင်း၍ တိုက်ဖျက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။

 

ကြေးမုံ