ပျဉ်းမနားနှင့် မရမ်းကုန်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

 

နေပြည်တော်၊ ဒီဇင်ဘာ ၁

 

နေပြည်တော်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၃၀ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပျဉ်းမနားမြို့၊ ဘောဂဝတီရပ်ကွက်၊ ဘောဂသီရိကားကြီးဝင်းတွင် ဝဿန်မြင့်မိုရ် (ခ) ဝဿန် မောင်းနှင်လာသော TOYOTA CALDINA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၀၀ ကိုသိမ်းဆည်းရမိခဲ့သည်။

 

ထို့ပြင် ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်တွင် မသင်္ကာဖွယ် တွေ့ရှိသူ သန်းဝင်းနောင် (ခ) နောင်နောင်နှင့် အာကာဖြိုးကြိုင် (ခ) အာကာတို့နှစ်ဦးကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား