ဆူဒန်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၀၀၀ ကျော်ရှိလာ

ဒီဇင်ဘာ ၁

ဆူဒန်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယရှိသူ ၄၀၀၀ ကျော်ရှိကြောင်း ဆူဒန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးကူးစက်ဖြစ်ပွားကြောင်း အတည်ပြုထားသူ ၅၁၆ ဦးနှင့် ထိုရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂၉ ဦးအပါအဝင် ယင်းရောဂါဖြစ်ပွားကြောင်း   သံသယရှိသူ ၄၁၀၄ ဦးရှိသည်ဟု ပြီးခဲ့သည့် အင်္ဂါနေ့က သတင်းထုတ်ပြန်ထားသည်။

နိုင်ငံအတွင်းရှိ ပြည်နယ်ကိုးခုတွင် ထိုရောဂါကူးစက်မှုပျံ့နှံ့လျက်ရှိသည်ဟု ထိုထုတ်ပြန်ချက်တွင် ထပ်လောင်း ဖော်ပြထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်း၊ ခြင်ထောင်နှင့် ပိုးသတ်ဆေးများထောက်ပံ့မှု မလုံလောက်ခြင်းတို့ကြောင့် သွေးလွန်တုပ်ကွေး ကူးစက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရှိ ရောဂါထိန်းချုပ်ရေးဦးစီးဌာန အကြီးအကဲ မိုဟာမက်အိုစမန်က ပြောကြားသည်။

သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုသည် ခြင်ကိုက်ခံရမှုတစ်ဆင့်လူအများသို့ကူးစက်ခြင်းဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးသည် သွေးလွန်တုပ်ကွေးကူးစက်မှုဖြစ်နိုင်ခြေရှိသော ဒေသများတွင် နေထိုင်ကြသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို