အင်းစိန်မြို့နယ်နှင့် လားရှိမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

အင်းစိန်မြို့နယ်နှင့် လားရှိမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် အင်းစိန်မြို့နယ်၊ မြို့သစ် (က+ခ) ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် လင်းထက်ကျော်အား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာအုပ်စု၊ ခါးသျှိ (အထက်) ကျေးရွာအနီးတွင် ငိုပွဲ (ခ) စိုင်းအောင် မောင်းနှင်ပြီး မနန်းနွမ်း လိုက်ပါလာသည့် Toyota 4 WD အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

 

ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၊ အမှတ် (၇) ရပ်ကွက်ရှိ အောင်မင်းခိုင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အောင်လင်း (ခ) အားဖျင်အား တွေ့ရှိရပြီး ခြံဝင်းအတွင်းရပ်ထားသည့် ၆ ဘီးမော်တော်ယာဉ်ပေါ်မှ SODIUM ACETATE အမှုန့်ကီလို ၅,၂၅၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်