ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး ထိန်းကျောင်းပေး ဆောင်ပုဒ်အတိုင်း စာရင်းစစ် ကျင့်ဝတ်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်

ပဲခူး နိုဝင်ဘာ ၃၀

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံ အရာထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

 

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲစနစ် ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် ပြည်ထောင်စု စာရင်းစစ်ချုပ် ဉပဒေနှင့်အညီ စစ်ဆေးခြင်းဖြင့် ကြီးကြပ်ထိန်းကျောင်းပေးလျက် ရှိပါကြောင်း၊ သို့ပါ၍ မိမိတို့ရုံး၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို သိရှိနားလည်ရန် လိုအပ်သကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျွမ်းကျင်မှုအရည်အသွေးများ ပြည့်ဝနေရန်လည်း လိုအပ်ပါကြောင်း၊ လုပ်ငန်းသဘာဝအရ အဖွဲ့ဖြင့်ဆောင်ရွက်ရသည့် ပညာရပ်ဆိုင်ရာ လုပ်ငန်းဖြစ်၍ အပြန်အလှန် လေးစားမှုဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာ သင်ယူနေကြရမည် ဖြစ်ပါကြောင်း၊ စစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစွာ၊ ရိုးသားဖြောင့်မတ် သိက္ခာသမာဓိရှိစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစွာဖြင့် အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် စာရင်းစစ်ကျင့်ဝတ်သိက္ခာ စောင့်ထိန်းမှုနှင့် သတင်းအချက်အလက် လုံခြုံမှုတို့ကိုလည်း အထူးဂရုပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံတော်အပေါ် သစ္စာစောင့်သိလျက် မွန်မြတ်သော စိတ်စေတနာများဖြင့် ပြည်သူ့အကျိုးရှေးရှု ဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း မှာကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူးနှင့် ခရိုင်၊ မြို့နယ် စာရင်းစစ်ရုံး တာဝန်ခံအရာထမ်းများက လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ထပ်မံဖြည့်စွက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စု စာရင်းစစ်ချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

အလားတူ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် စာရင်းစစ်ရုံး၌ အရှေ့ပိုင်းခရိုင်နှင့် အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်စာရင်းစစ်ရုံးများမှ ဝန်ထမ်းများနှင့်လည်းကောင်း၊ မြောက်ပိုင်းခရိုင် စာရင်းစစ်ရုံး၌ မြောက်ပိုင်းခရိုင်နှင့် မြို့နယ်စာရင်းစစ်ရုံးများမှ ဝန်ထမ်းများနှင့်လည်းကောင်းတွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်