ငြိမ်းချမ်းရေး သို့မဟုတ် နိုင်ငံ့အနာဂတ်ခရီးအတွက် အခြေခံလိုအပ်ချက်

 

 

ဇင်ငြိမ်း

 

မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့်အတူ တွေ့မြင်နေရသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများ ဖြစ်ပါသည်။

 

ယင်းမှာ  အစဉ်အဆက်  တောင်းဆိုခဲ့ကြသည့်  နိုင်ငံရေးပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့်သာ ငြိမ်းချမ်းစွာဖြေရှင်းရေး ဖြစ်ပါသည်။ လက်နက်ကိုင်တိုက်ခိုက်မှုများဖြင့် နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် ပြေလည်မှုမရရှိခဲ့သော ဖြေရှင်းမှု နည်းလမ်းများအစား ပြည်သူလူထုအား ထိခိုက်မှုမရှိစေဘဲ အထိရောက်ဆုံးဖြေရှင်းနိုင်သည့် နည်းလမ်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သည်ကို NCA ဖြင့် သက်သေထူထားပြီး ဖြစ်ပါသည်။

 

လွတ်လပ်ရေးရပြီးသည့်နောက် မြန်မာနိုင်ငံရေးတွင် တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဖူးသော NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေးအတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များ အောင်မြင်ထိရောက်ရန်အတွက် မရှိမဖြစ် လိုအပ်ချက်များစွာ ရှိသည့်အနက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ယင်းတို့ထဲမှ အဓိကထောက်တိုင်တစ်ခုအဖြစ် တွေ့ရပါသည်။

 

နိုင်ငံရေးသည် စီးပွားရေးနှင့်ဆက်နွှယ်နေသကဲ့သို့ စီးပွားရေးသည်လည်း ငြိမ်းချမ်းရေးနှင့် ဆက်နွှယ်နေပါသည်။ အလားတူ ပညာရေး၊ ကျန်းမာရေးမှအစ နေ့စဉ်နေထိုင်မှု ဘဝများအားလုံးသည် ယင်းအပြန် အလှန်ဆက်နွှယ်မှုများထဲ ပါဝင်နေပါသည်။ ငြိမ်းချမ်းမှုမရှိဘဲ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးရရှိရန် ခက်ခဲသည်မှာ မြန်မာနိုင်ငံတွင်သာ ဖြစ်နေ သည်မဟုတ်၊ ကမ္ဘာပေါ်ရှိသည့် မငြိမ်းချမ်းသည့် နိုင်ငံများ၊ ဒေသများမှာ ငြိမ်းချမ်းသည့်နိုင်ငံများ၊ ဒေသများထက် အရာရာ နောက်ကျနေကြပါသည်။ ယင်းမှာ မငြိမ်းချမ်းမှုကြောင့် ဖြစ်လာသည့် အကျိုးဆက်များ ဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင်လည်း ထိုငြိမ်းချမ်းရေး လိုအပ်နေပါသည်။ ငြိမ်းချမ်းရေးအတွက် ဆက်လက်လုပ်ဆောင်ကြရမည့် လုပ်ငန်းစဉ်များ ကျန်ရှိနေပါသေးသည်။ လျှောက်လှမ်းနေဆဲ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ခိုင်မာသော နိုင်ငံတော်တည်ဆောက်ရေး ပန်းတိုင်အထိ ခရီးဆက်ကြရပါဦးမည်။ ယင်း၏သဘောမှာ NCA သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုဆိုသည်ထက် နိုင်ငံ၏ရှိနေဆဲ နိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းရမည့် နက်နဲကျယ်ပြန့်သော နိုင်ငံရေးလုပ်ငန်းစဉ်ဟု ဆိုပါကလည်း မှားနိုင်မည်မဟုတ်ပါ။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွင် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည့်တိုင် ငြိမ်းချမ်းရေး ရည်မှန်းချက်မပျောက်ဘဲ ဆက်လက် အကောင်အထည်ဖော်ကြရမည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။

 

ယနေ့ရရှိပြီးသော NCA သဘောတူစာချုပ်သည် လွယ်လွယ်ကူ ရလာခဲ့သည်တော့ မဟုတ်ပါ။ ၂၀၁၁ ခုနှစ် နိုင်ငံ၏ အသွင်ကူးပြောင်းမှုစတင်သည်နှင့် ဦးစားပေး လုပ်ဆောင်ခဲ့သည့် လုပ်ငန်းတစ်ခုမှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုဖြစ်ပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ မဖြေရှင်းနိုင်သေးသည့် လက်နက်ကိုင် တိုက်ခိုက်မှုများ ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ နိုင်ငံတည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်သဖြင့် နိုင်ငံရေး အသွင်ကူးပြောင်းမှုနှင့်အတူ စတင်ခဲ့သည်ကို တွေ့ရပါသည်။

 

၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့က တိုင်းရင်းသားအဖွဲ့များအားလုံးအား ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ကြေညာချက်အမှတ် ၁/၂၀၁၁ ကို ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်မှာ NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အစခရီးဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုသမိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးနီးပါး ပါဝင်ဆွေးနွေး၍ ပဋိပက္ခများ၏ အရင်းခံအကြောင်းတရားများကို ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံအနာဂတ် တည်ဆောက်ရေးအတွက် ဦးစွာလမ်းစပျိုးနိုင်ခဲ့ပါသည်။

 

၂၀၁၁ ခုနှစ်မှ စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် NCA သဘောတူ စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နှင့် ဦးစွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး မပါဝင်နိုင်သည့်တိုင် တာထွက်ကောင်းမွန်သည့် ရလဒ်ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဖြင့်သာ လက်မှတ်ရေးထိုး နိုင်သည်ဆိုသော်လည်း ကာလကြာမြင့်နေသည့် ပဋိပက္ခဖြစ်ပွားခဲ့သည့် အချိန်ကာလ၊ နက်နဲကျယ်ပြန့်သော နိုင်ငံရေး မတူကွဲ ပြားမှု၊ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုနှင့် ကိုယ်ကျိုးစီးပွားစွက်ဖက်မှု စသည့်စိန်ခေါ်မှုများကြားတွင် အချိန်တိုအတွင်း မှန်ကန်သော ငြိမ်းချမ်းရေး ခြေလှမ်းစတင်နိုင်ခြင်း ဖြစ်ပါသည်။           

 

တိုင်းရင်းသားလူမျိုးများပြားသည့် မြန်မာ့နိုင်ငံရေးပဋိပက္ခများသည် နက်နဲရှုပ်ထွေးလှပါသည်။ နယ်ချဲ့တို့၏ စနစ်တကျ သွေးခွဲခဲ့မှုတို့ သည်လည်း ယနေ့ထက်တိုင် အရိပ်မည်းထိုးနေဆဲတွေ့ရပါသည်။ ယှဉ်ပြိုင်မှုပြင်းထန်၍ ကမ္ဘာလုံးလွှမ်းခြုံနေသည့် အချိန်အခါနှင့် အခြေအနေများတွင် အများနည်းတူ တိုးတက်ရန်ဆိုပါက အတိတ်ကို တရားသေဖက်တွယ်ထားမှုများကို လျှော့ချကြရမည် ဖြစ်ပါသည်။ သို့မှသာ ပြောင်းလဲမှုနှင့်တိုးတက်မှုများ ဖြစ်ပေါ်နိုင်ပါသည်။ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင်လည်း အတိတ်အပေါ် ဖက်တွယ်ထားမှုများ၊ တရားသေ ရပ်တည်ချက်များကြောင့် ပြောင်းလဲမှုနှင့်တိုးတက်မှုကို ထိခိုက်စေနိုင်သည်ကို သတိပြုကြရပါမည်။

 

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ဆွေးနွေးညှိနှိုင်းရန်များ ကျန်ရှိနေဆဲဖြစ်သည်ကို အားလုံးကလက်ခံထားကြပါသည်။ မိုင်ပေါင်းများစွာခရီးကို ခြေလှစ်တစ်လှမ်းဖြင့် စတင်သည်ဆိုသည့် စကားကဲ့သို့ ဖြစ်ပါသည်။ စတင်လျှောက်လှမ်းနေသည့် ငြိမ်းချမ်းရေး လမ်းစများအပေါ် အပျက်သဘောမြင်နေခြင်းထက် အပြုသဘောဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းက ငြိမ်းချမ်းရေးခရီးကို ပိုမိုထိရောက် စေနိုင်မည်ဖြစ်သည်။

 

ပဋိပက္ခများဖြင့် သံသရာလည်နေသည့် နိုင်ငံတိုင်းအတွက် ငြိမ်းချမ်းရေးခရီးမှာ အခက်အခဲအကျပ်အတည်းများ ရှိကြစမြဲဖြစ် သည်။ ပါဝင်ပတ်သက်သူအားလုံး၏ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသည့်ဆန္ဒ၊ နည်းလမ်းမှန်ကန်မှု၊ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်း လိုမှု၊ စိတ်ရှည်သည်းခံမှု၊ တစိုက်မတ်မတ် ကြိုးစားအားထုတ် မှုများရှိမှသာ ငြိမ်းချမ်းရေး  လိုရာခရီးပေါက်မည် ဖြစ်သည်။ ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံရေး၏အစိတ်အပိုင်းဖြစ်သော် လည်း နိုင်ငံရေး၏ လက်နက်တစ်ခုမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အဓိကဦးတည် လုပ်ဆောင်ရပါသည်။ သို့မှသာ အနာဂတ်နိုင်ငံတည်ဆောက်ရေးကို အထောက် အကူဖြစ်စေမည် ဖြစ်သည်။

 

ထိုသို့မဟုတ်ပါက ပဋိပက္ခများကြောင့် နိုင်ငံနှင့် ဒေသဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးတို့တွင် နောက်ကျနေမည်ဖြစ်ပြီး ဘဝ မလုံခြုံမှု၊ ဆင်းရဲမှု စသည့်အကျိုးဆက်များနှင့် ရင်ဆိုင်ကြရမည် ဖြစ်ပါသည်။ ပဋိပက္ခများနှင့် ယင်း၏ အကျိုးဆက်များသည် အပြန်အလှန်တွန်းအားပေးတတ်ကြသည်ဖြစ်ရာ ပဋိပက္ခများနှင့် ယင်း၏အကျိုးဆက်များ သံသရာမှ ထွက်ပေါက်မှာ ငြိမ်းချမ်းရေးဖြစ်ပါသည်။

 

မည်သည့်အကြောင်းကြောင့် ပဋိပက္ခများဖြစ်ပွားသည်ဖြစ်စေ ယင်း၏အကျိုးဆက်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လူတိုင်းက ခံစားကြရပါသည်။ လက်နက်ကိုင်ပဋိပက္ခများ ရှိနေသည့်ဒေသများတွင် ပဋိပက္ခများ၏အကျိုးဆက်များကို ယင်းဒေသမှပြည်သူများ တိုက်ရိုက်ခံစားနေကြပြီး ကျန်ပြည်သူများမှာ သွယ်ဝိုက်၍ ခံစားနေ ကြရပါသည်။

 

လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် လူ့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အတားအဆီးဖြစ်စေရုံသာမက ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ခက်ခဲစေပါသည်။ ပဋိပက္ခများကြောင့် စီးပွားရေးကျဆင်းစေပြီး ဆင်းရဲမှုနှုန်းမြင့်တက်စေပါသည်။ ယင်းအခြေအနေ သည် ရှိရင်းစွဲပဋိပက္ခများကို သံသရာလည်စေသည့်အပြင် ပဋိပက္ခ အသစ်များကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။

 

ယနေ့ကမ္ဘာတစ်လွှားတွင် ပဋိပက္ခများ၊ တင်းမာမှုများနှင့် စစ်ပွဲများကြောင့် စွမ်းအင်ပြတ်လပ်ခြင်း၊ စွမ်းအင်ဈေးနှုန်း မြင့်တက်ခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွခြင်းများ ရင်ဆိုင်နေကြရသည်။ စီးပွားရေး အကျပ်အတည်းများ ဖြစ်ပေါ်နေပါသည်။ ယင်းအကျိုးဆက်မှာ နိုင်ငံတကာသို့ ရိုက်ခတ်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့ရေးရာများ၏ဂယက်များ သက်ရောက်လျက်ရှိပါသည်။ ယင်းအခြေအနေသည် မည်မျှကြာမြင့်၍ မည်သည့်အတိုင်းအတာအထိ ကြီးမားကျယ်ပြန့်မည်ကို ခန့်မှန်းရန်ခက်ခဲသည့် အခြေအနေဖြစ်သည်။ ထိုသို့သောအချိန်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးများ ပြေလည်ရေး၊ ငြိမ်းချမ်းရေးနှင့် အတူတကွ လက်တွဲကြ၍ ပြည်သူလူထုတစ်ရပ်လုံးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည့် အချိန် ဖြစ်ပါသည်။

 

အိန္ဒိယဝန်ကြီးချုပ် မိုဒီက ယခုအချိန်သည် စစ်ပွဲများ ဖြစ်ပွားရမည့် အချိန်မဟုတ်ကြောင်း (Now is not the time for war) ဟု ပြောကြား ခဲ့ပါသည်။ စစ်ပွဲထက် အရေးကြီးဆောင်ရွက်ရန်များ ရှိနေသည့် သဘောဟု နားလည်မိပါသည်။ ထို့အတူ မြန်မာနိုင်ငံ၏ရှေ့ခရီးအတွက် ငြိမ်းချမ်းရေးလိုအပ်ပါသည်။ ယခင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခစက်ဝန်းအတွင်းမှ ရုန်းထွက်နိုင်သည့်ထွက်ပေါက်ကို ဆန္ဒစွဲကင်းကင်းဖြင့် ရွေးချယ်နိုင်ရန် အရေးကြီးပါသည်။

 

ငြိမ်းချမ်းရေးတည်ဆောက်ရသည့် အခြေခံရည်ရွယ်ချက်မှာ ပဋိပက္ခဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း အကြမ်းဖက်မှုများ ဖြစ်ပွားခြင်း၊ တိုးမြင့်လာခြင်း၊ ရေရှည်ဖြစ်ပွားခြင်းနှင့် အကြမ်းဖက်မှု သံသရာလည်နေခြင်းတို့ကို ကာကွယ်ရန်ဖြစ်ပါသည်။ ယင်းသို့ လုပ်ဆောင်ရာတွင် တစ်ဖက်နှင့်တစ်ဖက် စိတ်သဘောထားများ၊ အပြုအမူများ၊ စံနှုန်းများနှင့် အင်စတီကျူးရှင်း ပြောင်းလဲမှုများ ပါဝင်သဖြင့် ရေရှည်ဆောင်ရွက်ကြရပြီး ပူးပေါင်းဆောင်ရွက်ကြမှုလည်း လိုအပ်ပါသည်။

 

ယနေ့အထိ ငြိမ်းချမ်းရေးသဘောတူစာချုပ်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့သာ ပါဝင်လက်မှတ်ရေးထိုး နိုင်သေးသဖြင့် ပြီးပြည့်စုံသော ငြိမ်းချမ်းရေးဖြစ်ရန် ဆက်လက် လုပ်ဆောင်ကြရပါဦးမည်။ ထိုအချိန်တွင် ငြိမ်းချမ်းရေးလမ်းကြောင်း မလွဲချော်စေရေးမှာ အရေးကြီးလှပါသည်။ ငြိမ်းချမ်းရေးသို့ ဦးတည်ရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ အဆင့်ဆင့် ရှိသည့်အနက် ဦးစွာလိုအပ်သည်မှာ တွေ့ဆုံဆွေးနွေးမှုဖြစ် သည်။

 

ယင်းမှာ မိုင်ပေါင်းများစွာခရီးကို သွားရောက်ရန်အတွက် ပထမဦးဆုံး ခြေလှမ်းဖြစ်ပါသည်။ ဦးဆုံးခြေတစ်လှမ်း မလှမ်းဘဲနှင့် မိုင်ပေါင်း များစွာခရီးကို မည်သို့မျှစတင်နိုင်မည် မဟုတ်ချေ။ အလားတူပင် မတူညီမှုများနှင့် ကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးမှသာ တစ်ဖက် နှင့်တစ်ဖက် လိုလားချက်နှင့် သဘောထားများကို သိနိုင်မည်ဖြစ်ပြီး အပြန်အလှန် ပေါင်းစပ်အဖြေရှာနိုင်မည်ဖြစ်သည်။ သို့မှသာ မြန်မာ့နိုင်ငံရေး အနာဂတ်ခရီးနှင့် နိုင်ငံတည်ဆောက်ရေးတွင် ငြိမ်းချမ်းရေး နည်းလမ်းဖြင့် သူနိုင်ကိုယ်နိုင် အခြေအနေကို ဖန်တီးနိုင်မည် ဖြစ်ပါသည်။