မြန်မာ့စီးပွားပျက်ကပ်သို့ ဦးတည်စေမည့် အနောက်နိုင်ငံအလိုကျ အကြမ်းဖက် NUG ၏ အနာဂတ်စစ်ပွဲ

ဗစ်တာ(ကေတုမတီ)

ကျွန်ုပ်တို့မြန်မာနိုင်ငံသည် နယ်ချဲ့တို့လက်အောက်သို့ ကျရောက်စဉ်ကပင် သွေးခွဲအုပ်ချုပ်ခံခဲ့ရသည့်အတွက် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုဒဏ်ကို တိုင်းရင်းသား ပြည်သူအားလုံး တွေ့ကြုံခဲ့ရပါသည်။ အဆိုပါ ကိုလိုနီအမွေဆိုးကြီးကြောင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ဖွံ့ဖြိုးမှုများ နှောင့်နှေးခဲ့ရကာ တစ်ချိန်က ဖွံ့ဖြိုးမှုမရှိခဲ့သည့် အိမ်နီးချင်းနိုင်ငံများ နောက်သို့ပင် ရောက်ရှိခဲ့ရပါသည်။ 

ခေတ်အဆက်ဆက်အစိုးရများ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့်သာ အဘက်ဘက်က ပိတ်ဆို့ခံထားရသည့် နိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်အဖြစ်သို့ ပြောင်းလဲတည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို အကြောင်းပြုသည့် NUG၊ PDF များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံ့ဒီမိုကရေစီ ရှေ့ဆက်မည့်အရေး အတားအဆီးများဖြစ်ပေါ်လျက်ရှိပါသည်။ 

အကြမ်းဖက်လုပ်ရပ်ဟူသည် တစ်ကမ္ဘာလုံးက လက်ခံခြင်းမရှိပါ။ သို့သော်လည်း ၎င်းတို့အနေဖြင့် အပြစ်မဲ့အရပ်သားများနှင့် ပြည်သူပိုင်ပစ္စည်း၊ အဆောက်အအုံများကိုသာ ဦးတည်တိုက်ခိုက်နေခြင်းကြောင့် ၎င်းတို့၏မူလရည်ရွယ်ချက်နှင့် လမ်းစဉ်လွဲချော်သွားပြီ ဖြစ်ကြောင်း အနောက်နိုင်ငံများက သတိထားမိလာခဲ့ပါသည်။ ထို့ကြောင့် ၎င်းတို့အား အစဉ်တစိုက် နည်းပေးလမ်းပြညွှန်ကြားမှု ပြုနေသည့် အနောက်နိုင်ငံများက နည်းလမ်းသစ်များကို ရေးဆွဲအကြံပြုလာကြသည်ကိုလည်း တွေ့မြင်ရပါသည်။ 

အကြမ်းဖက်လုပ်ရပ်များ မအောင်မြင်သည့်နောက်တွင်

ပြည်သူများအနေဖြင့်လည်း ခေတ်အဆက်ဆက် အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့ခံရမှုများဒဏ်ကို တွေ့ကြုံခဲ့ရပြီးဖြစ်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်ခုဖြစ်သည့်အပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရေလုပ်ငန်းများမှ နိုင်ငံခြားဝင်ငွေများရရှိနေသည့်အတွက် ထိုသို့သော ပိတ်ဆို့အရေးယူမှုများက အစိုးရတစ်ရပ်ပြုတ်ကျစေသည်အထိ ဖြစ်နိုင်မည် မဟုတ်ကြောင်းကို အနောက်နိုင်ငံများကလည်း သိရှိထားကြပါသည်။ စီးပွားရေးပိတ်ဆို့ခံရမှုဒဏ်က အနာဂတ်မျိုးဆက်များအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် မည်မျှအထိ ခါးသီးစွာ သက်ရောက်မှုရှိကြောင်းကို ပြည်သူများ အတွေ့အကြုံများရှိနှင့်ပြီး ဖြစ်ပါသည်။ ယခု ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှ အစပြုလာသည့် ပြည်တွင်း မတည်ငြိမ်မှုများ၊ ပြည်ပသွေးထိုးမှုများ၊ NUG၊ PDF အကြမ်းဖက်များ၏ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်များကြောင့် ပြည်တွင်းစီးပွားရေးသို့လည်း များစွာထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရပါသည်။

ပြည်သူများအနေဖြင့်လည်း PDF များ၏ အကြမ်းဖက်လုပ်ရပ်ကြောင့် ပြည်တွင်း၌ပင် ခရီးသွားလာရ ခက်ခဲခြင်း၊ ပညာသင်ကြားခွင့် ပိတ်ပင်ခံရခြင်း၊ စီးပွားရေးအခွင့်အလမ်းများ ထိခိုက်ခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုများ ထိခိုက်ခံရခြင်း၊ ဆက်သွယ်မှုလိုင်းများ ဖြတ်တောက်ခံရခြင်း၊ လုံခြုံမှုမရှိကြောင်းခံစားရခြင်းတို့ ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ၏ ရိုက်ခတ်မှုတို့က မီးလောင်ရာလေပင့် ဖြစ်စေခဲ့ပါသည်။ PDF များအနေဖြင့် လက်နက်ကိုင်တော်လှန်ခြင်းဟု ခေါင်းစဉ်တပ်ထားသော်လည်း ၎င်းတို့၏မူလရည်မှန်းချက်နှင့် လမ်းစဉ်တို့ လွဲချော်၍ အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာတွင် ရုပ်လုံးပေါ်လာ ခဲ့ပြီဖြစ်ပါသည်။ 

ထို့ကြောင့် အဆိုပါအခြေအနေကို ပြန်လည်ကုစားရန်အတွက် အမေရိကန်အခြေစိုက် အကြံပေးအဖွဲ့တစ်ခုက စီးပွားရေးစစ်ပွဲဟူသည့် ခေါင်းစဉ်ဖြင့် ပြည်ဖျက်အကြမ်းဖက် နည်းလမ်းအသစ်တစ်မျိုးကို ပုံစံရေးဆွဲတင်သွင်းလာခဲ့ပါသည်။ စာတမ်းရေးသားသူသည် အမေရိကန်စစ်တပ်၊ နိုင်ငံခြားရေးဌာနနှင့် အစိုးရအဖွဲ့အကြီးတန်း အရာရှိများ၊ အနာဂတ်ခေါင်းဆောင်များကို အမျိုးသားလုံခြုံရေး မဟာဗျူဟာနှင့်စပ်လျဉ်း၍ မွမ်းမံပို့ချမှုများ ပြုလုပ်ရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားသည့် National War College တွင် သင်ကြားပို့ချနေသည့် ပါမောက္ခတစ်ဦးဖြစ်ပါသည်။ ၎င်းသည် မြန်မာနိုင်ငံနှင့် တပ်မတော် အစိုးရအပေါ် စီးပွားရေးကဏ္ဍမှ ဖိအားပေးနိုင်ရေး လမ်းကြောင်းပေး ရေးသားမှုများကို မကြာခဏ ပြုလုပ်နေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် ဆွေးနွေးပွဲများ၊ ဟောပြောပွဲပြုလုပ်ကာ အခြားနိုင်ငံတစ်ခု ပြည်တွင်းရေးကို ခြယ်လှယ်ရန်အတွက် ဗြောင်ကျကျ ဆွေးနွေးမှုများ ပြုလုပ်နေကြသည်ကိုလည်း တွေ့ရှိရပါသည်။ အကြမ်းဖက် NUG အဖွဲ့အား စီးပွားရေးစစ်ပွဲဆင်နွှဲရန် လမ်းညွှန်ပြသနေသည့် အဖွဲ့များ ရှိနေသည်ကိုတွေ့ရပြီး NUG သည် အနောက်အုပ်စု အလိုကျ အကြမ်းဖက်လုပ်ရပ်များကို လိုက်ပါလုပ်ဆောင်လျက်ရှိပါသည်။ 

အဆိုပါဆွေးနွေးချက်များတွင် တပ်မတော်အစိုးရအနေဖြင့် မည်မျှပင် စိန်ခေါ်မှုများနှင့် ကြုံတွေ့ရသည်ဖြစ်စေ အားသာချက်များရှိနေကြောင်း၊ ထို့ကြောင့် တပ်မတော်အစိုးရ လျင်မြန်စွာပြုတ်ကျရန်မှာ မဖြစ်နိုင်သေးကြောင်း၊ NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဆက်ဆံရေးသည်လည်း သမိုင်းတစ်လျှောက် မယုံကြည် ရမှုများက အဟန့်အတားဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့ပါက ကမ္ဘာ့နိုင်ငံများ၏ အသိအမှတ်ပြုမှုကို ရရှိသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝင်ငွေအခိုင်အမာ ရရှိနေဆဲဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း သဘာဝဓာတ်ငွေ့ ပို့ကုန်မှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ အထိ ရရှိခဲ့ကြောင်း၊ NUG အနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားစေရန် လုပ်ဆောင်ခဲ့သော်လည်း Total နှင့် Chevron ကုမ္ပဏီများသာ ထွက်ခွာသွားကြောင်း၊ ကျန်နိုင်ငံများအနေဖြင့် ထွက်ခွာခြင်း မရှိကြောင်း၊ တပ်မတော်မှ အာဏာလွှဲပြောင်းရယူမှု မတိုင်မီ မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၇ ဘီလီယံရှိခဲ့ကြောင်း၊ လက်ရှိတွင် ၆ ဘီလီယံ ခန့်ရှိနေကြောင်း၊ အမေရိကန်ထံတွင်လည်း NLD အစိုးရက တိတ်တဆိတ်အပ်နှံထားသည့် ၁ ဒသမ ၁ ဘီလီယံရှိနေကြောင်း၊ NUG သည် အဆိုပါ အပ်နှံငွေများကို သုံးစွဲခွင့်ပြုရန်တောင်းဆိုနေကြောင်း၊ NUG အနေဖြင့် အလှူငွေနှင့် ရန်ပုံငွေများအပေါ် မှီခိုနေရသည်ဖြစ်ရာ နိုင်ငံ့စီးပွားရေး ကျဆင်းလာသည်နှင့်အမျှ ရန်ပုံငွေရရှိမှု လျော့နည်းလာကြောင်း၊ သို့သော် စစ်ပွဲဆက်လက် ကြာမြင့်နိုင်သေးသည့်အတွက် ပုံမှန်ရန်ပုံငွေရရှိရေး လမ်းကြောင်း လိုအပ်နေကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ထိုသို့ ပြောကြားထားမှုအရ အမေရိကန်အနေဖြင့် ၎င်းတို့မတရား သိမ်းပိုက်ထားသည့် မြန်မာနိုင်ငံ၏ အရန်ငွေ ၁ ဒသမ ၁ ဘီလီယံဖြင့် မြန်မာနိုင်ငံအား မတည်မငြိမ်ဖြစ်စေရေး ပြန်လည်အသုံးပြုရန် ငါးကြင်းဆီဖြင့် ငါးကြင်းကြော်မည့် အကြံအစည်များဟု ယူဆနိုင်ပါ သည်။ 

ထို့အပြင် NUG အနေဖြင့် အစိုးရ၏ဝင်ငွေရရှိမည့် လမ်းကြောင်းများအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း ဗြိတိန်၊ ဩစတြေးလျနှင့် ဂျပန်တို့အပါအဝင် ကျန်နိုင်ငံများက နှုတ်ဆိတ်နေကြောင်း၊ တပ်မတော်၏ဝင်ငွေရလမ်းများနှင့် ဘဏ္ဍာရေးစနစ်တို့ကို ထိခိုက်ခြင်းမရှိသေးကြောင်း၊ သို့သော် တပ်မတော်ကို ထိခိုက်စေရန်အတွက် စီးပွားရေးပိတ်ဆို့မှုများချမှတ်ခြင်းက နိုင်ငံ့စီးပွားရေးသာ ပြိုလဲပြီး ပြည်သူများသာ ခံစားရမည်လောဟူသည့် ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေရကြောင်း၊ ယင်းအချက်ကြောင့် ပြင်းထန်သည့်ပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန်တွန့်ဆုတ်နေရကြောင်း၊ NUG၊ PDF သည် အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးဝန်ထမ်းများအား ပစ်မှတ်ထားသည့် လုပ်ကြံသတ်ဖြတ်ရေးနည်းလမ်းကို ကျင့်သုံးခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်ကြောင်း၊ သို့ရာတွင် အုပ်ချုပ်ရေးမှူးများအား ပစ်မှတ်ထားလုပ်ကြံမှုသည် ထိရောက်မှုနည်းပါးလာသည့်အပြင် နိုင်ငံအနေဖြင့် လူမှုဝန်ဆောင်မှုပေးနိုင်စွမ်းကို လျော့ကျစေခဲ့ကြောင်း၊ ထို့ကြောင့် စီးပွားရေးပစ်မှတ်များကို ပစ်မှတ်ထားလုပ်ကြံသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ အခြေခံအဆောက်အအုံပစ်မှတ် အများစုမှာလည်း အများပြည်သူသုံးစွဲနေသည့် တယ်လီဖုန်းတာဝါတိုင် များပင်ဖြစ်ပါသည်။ NUG၊ PDF များ၏ လုပ်ရပ်များသည် ကြွက်မနိုင် ကျီမီးနှင့်ရှို့ဆိုသည့် စကားပုံကဲ့သို့ဖြစ်နေပြီး ၎င်းတို့ တွင်တွင်သုံးနေသော ပြည်သူဆိုသည့် စကားလုံးမှာ ဟန်ပြမျှသာဖြစ်ကြောင်းတွေ့မြင်ရပါသည်။ 

တိုင်းပြည်တစ်ခုတွင် ပင်မစီးပွားရေးထောက်တိုင်များ ပြိုလဲပါက ထိုတိုင်းပြည်၏ ပြည်သူတစ်ရပ်လုံး ဒုက္ခခံစားရပေလိမ့်မည်။ လူတန်းစားအချို့ထံသို့ ကွက်၍ ထိခိုက်စေမည်မဟုတ်ပါ။ ဆင်ပိန်လျှင် ကျွဲလောက်ကျန်နိုင်သေးသော်လည်း အခြေခံလူတန်းစားများမှာ ပိုမိုကျပ်တည်းသွားပေလိမ့်မည်။ သို့သော် လက်နက်ကိုင်ဆူပူ အကြမ်းဖက်သည့် နည်းလမ်းဖြင့် Failed State အဖြစ်သို့ မရောက်ရှိနိုင်တော့သည့် အခြေအနေတွင် အနောက်နိုင်ငံများအနေဖြင့် မြန်မာပြည်သူများဒုက္ခရောက်မည်ကို ငဲ့ကွက်ခြင်းမရှိဘဲ နိုင်ငံ့စီးပွားရေးထောက်တိုင်များကို ဖြိုခွင်းကာ ပြည်သူများ ယခုထက်ပိုမို ဆင်းရဲကျပ်တည်းပြီး Failed State အဖြစ်သို့ ရောက်ရှိရန်တွန်းပို့ခြင်း ပင်ဖြစ်ပါသည်။ အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် ၎င်းနည်းလမ်းကို ယခင်ကတည်းက ကျင့်သုံးခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အစိုးရပြုတ်ကျရေးနှင့် NUG သို့မဟုတ် ၎င်းတို့လိုလားသည့် အစိုးရ စင်ပေါ်ရောက်ရေးအတွက် ကိုဗစ်ကပ်ရောဂါ၊ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခမှ ရိုက်ခတ်မှု၊ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုများဒဏ်ကို ခံစားနေကြရသည့် ပြည်သူများအား ပိုမိုနက်ရှိုင်းသည့်ဆင်းရဲတွင်းသို့ ပို့ဆောင်ပြီး ၎င်းတို့၏ ရည်မှန်းချက်ကို ဖြည့်ဆည်းရန် ကြံစည်လာခြင်း ဖြစ်ပါသည်။ အခြေခံလူတန်းစား ပြည်သူများအနေဖြင့် မြေစာပင်ဘဝသို့ ရောက်မှန်းမသိ ရောက်ကြရပေဦးမည်။

နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာစွမ်းဆောင်မှုများ

နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်သည် ယင်းနိုင်ငံ လူဦးရေ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ အရည်အချင်းများဖြစ်ပါသည်။ မျက်မှောက်ကာလ စီးပွားရေးတိုးတက်မှုတွင် လူ့စွမ်းအားအရင်း အမြစ်တည်ရှိမှုသည် အရေးပါလှပေသည်။ နိုင်ငံတော်အနေဖြင့် ယနေ့ အချိန်တွင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးဦးတည်ချက် ၃ ရပ် ချမှတ်၍ အမျိုးသားစွမ်းအား (National Power) တည်ဆောက်ရန် အားသွန် ခွန်စိုက်ကြိုးပမ်းလျက်ရှိပါသည်။ စျေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံတော်က နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲ၍ ကဏ္ဍအလိုက်၊ ဒေသအလိုက် ဘက်ညီဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ သို့သော် နိုင်ငံတော်၏ အခြေခံအဆောက်အအုံ သုံးမျိုးဖြစ်သည့် ဆက်သွယ်မှုအခြေခံအဆောက်အအုံ၊ လူမှုရေး အခြေခံအဆောက်အအုံနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများအပေါ် အကြမ်းဖက်တိုက်ခိုက် ခံရမှုများကြောင့် တိုးတက်မှုများ နှေးကွေးနေခဲ့ရပါသည်။     

နိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတော်တည်ဆောက်ရာတွင် ခေတ်အဆက်ဆက် ပြည်ပချေးငွေများရယူကာ နိုင်ငံ့စီးပွားရေးအတွက် အရင်းအနှီးများ မတည်ခဲ့ရပါသည်။ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြည်တွင်းမှ ပြည်ပသို့ ဒေါ်လာစီးထွက်နိုင်မည့် လမ်းကြောင်းများကို ထိန်းချုပ်နိုင်ခဲ့ပြီး နိုင်ငံ့စီးပွားရေးကျဆင်းမှုကို ထိန်းထားနိုင်ခဲ့ပါသည်။ ပြည်ပမှ ချေးငွေရယူခဲ့ခြင်းမရှိဘဲ ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၉၅ ဘီလီယံကိုပင် ပြန်လည်ပေးဆပ်နိုင်ခဲ့ပါသည်။ ကုန်သွယ်ရေး ကဏ္ဍအား ကြည့်ရှုမည်ဆိုပါကလည်း ၂၀၁၅ ခုနှစ်တွင် ကုန်သွယ်မှု လိုငွေ ၁၂ ဒသမ ၀၉ ဘီလီယံ၊ ၂၀၁၆ ခုနှစ်တွင် ကုန်သွယ်မှုလိုငွေ ၅ ဒသမ ၂၅ ဘီလီယံ၊ ၂၀၂၀ ပြည့်နှစ်တွင် ကုန်သွယ်မှုလိုငွေ ၁၂ ဒသမ ၅၁ ဘီလီယံရှိခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန် ယူသည့်ကာလအတွင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ ကုန်သွယ်မှုပိုငွေ ၀ ဒသမ ၆၇ ဘီလီယံ၊ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ (ယာယီ) ကုန်သွယ်မှုပိုငွေ ၀ ဒသမ ၀၆၅ ဘီလီယံရှိခဲ့သည့်အတွက် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများ နှင့် ပြည်တွင်း မတည်ငြိမ်မှုများကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းနေမှုကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ကြောင်း တွေ့မြင်နိုင်ပါသည်။ 

နိဂုံး

NUG၊ PDF အကြမ်းဖက်များ၏ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအပေါ် လုပ်ကြံသတ်ဖြတ်မှု၊ နိုင်ငံ့အခြေခံ အဆောက်အအုံများအား ဖျက်ဆီးမှုတို့သည် မည်သို့မျှ လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်များဖြစ်ပါသည်။ ယခုပုံစံသစ်ဖြင့် ရေးဆွဲဖော်ပြလာသည့် စီးပွားရေးစစ်ပွဲဟူသည် NUG ၏ အကြမ်းဖက်လုပ်ရပ်များကို ပြည်သူများက ရှုတ်ချဆန့်ကျင်လာကြသည့်အတွက် အမည်ပြောင်းလဲ တံဆိပ်ကပ်ထားသော အကြမ်းဖက်မှုအားပေးသည့် လက်ကမ်းစာစောင်တစ်ခုသာ ဖြစ်လာပါသည်။ 

မည်သို့ပင် စကားလုံးအလှအပများဖြင့် လှည့်ဖြားထားသည်ဖြစ်စေ နိုင်ငံ့စီးပွားရေး အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်းသည် နိုင်ငံသားများ၏ စားဝတ်နေရေးနှင့် အနာဂတ်တို့ကို ထိပါးခြင်းသာ ဖြစ်ပါသည်။ NUG၊ PDF များအနေဖြင့် အနောက်နိုင်ငံများမှ လမ်းခင်းပေးသည့် အဆိုပါ မဟာဗျူဟာသစ်အတိုင်း ကျင့်သုံးလာပါက ကပ်ရောဂါ၊ ကမ္ဘာ့စီးပွားရေးနှင့် ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများမှ ပြန်လည်တည်ငြိမ်ကာစ နိုင်ငံ့စီးပွားရေးအခြေအနေကို ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး စီးပွားရေးနှင့် ဆက်နွှယ်နေသည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများသို့ပါ ဂယက်ရိုက်ခတ်လာနိုင်သည့်အတွက် ၎င်းအခြေအနေကို အေးချမ်းစွာနေထိုင်လိုကြသည့် ပြည်သူတစ်ရပ်လုံး သတိပြုနိုင်ရေးအတွက် ရေးသားတင်ပြလိုက်ရပါသည်။